မင်းမော်ကွန်းမပါသည့် နှင်းဆီအငြိမ့်အား ဆူးမပါသည့် နှင်းဆီဟု ပြည်သူများ လှောင်ပြောင်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

တော်လှန်အနုပညာရှင် မင်းမော်ကွန်း မပါဝင်ဘဲ ပြန်လည်ကပြတော့မည့် နှင်းဆီအငြိမ့်အား ဆူးမပါသည့်နှင်းဆီဟု ပြည်သူအများက လှောင်ပြောင်နေကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ကပြခြင်းမရှိတော့သည့် နှင်းဆီအငြိမ့်အား မတ်လ ၈ ရက်တွင် “နှင်းဆီပွင့်မည့်နေ့” အမည်ဖြင့် ပြန်လည်ကပြရန် ရှိနေခြင်းဖြစ်သည်။

သို့သော် အဆိုပါပွဲတွင် တော်လှန်အနုပညာရှင်နှင့် နှင်းဆီအငြိမ့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မင်းမော်ကွန်း ပါဝင်ခြင်းမရှိသဖြင့် ပြည်သူများက ဆူးမပါသည့် နှင်းဆီဟု ယင်းအငြိမ့်အား လှောင်ပြောင်နေကြောင်း သိရသည်။

“ကျွန်တော် ကြည့်ခဲ့တဲ့ နှင်းဆီအငြိမ့်တွေမှာ အစိုးရတွေရဲ့ ပုံမလာတာတွေကို ကျွန်တော်တို့ ကြိုက်တဲ့ မင်းသားတွေက ပြက်လုံးထုတ်တာကို အရသာရှိရှိ ကြည့်ခဲ့ရတာ။ အခုကတော့ စစ်တပ်လက်အောက် ငုံ့ခံနေတဲ့သူတွေပဲ ကမှာဆိုတော့ ဒီတစ်ခေါက် နှင်းဆီဟာ ဆူးမပါတဲ့ နှင်းဆီပါပဲ။ အာဏာရှင် ပန်မယ့်ပန်းပေါ့” ဟု အသက် ၃၅ နှစ်အရွယ် ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

တော်လှန်အနုပညာရှင် မင်းမော်ကွန်းအား ချန်ထားပြီး ယခုကဲ့သို့ ပွဲပြန်ကခြင်းအား ပရိသတ်တစ်ဦးကလည်း စစ်အာဏာရှင်အလိုကျ ဖျော်ဖြေမှုအတွက် လိပ်ပြာလုံပါစေဟု လှောင်ပြောင်ထားသည်။

“ခင်ဗျားတို့ လိပ်ပြာလုံကြပါစေ။ မင်းမော်ကွန်းမျက်နှာကို မထောက်တဲ့ ဖက်ခွက်စားတွေ” ဟု အဆိုပါ ပရိသတ်က ဆိုသည်။

ထို့ပြင် ယခုနှင်းဆီအငြိမ့် ကြေညာသည့်ရက်သည် အဖွဲ့ဝင်ဟောင်း မင်းမော်ကွန်း၏ မွေးနေ့ဖြစ်နေခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းမျိုးဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြပြောဆိုသည်။

“မင်းမော်ကွန်းမွေးနေ့မှာမှ တမင်ကြေညာတာမျိုးက စိတ်ဓာတ်စစ်ဆင်ရေး နိုင်သလောက်လေး လုပ်တဲ့သဘောပေါ့။ မင်းမပါလည်း ရတယ်။ ငါတို့ကို ထိုင်လွမ်းနေပေါ့။ မင်းမော်ကွန်းကလည်း သူတို့ကို လွမ်းနေမယ် မထင်ပါဘူး။ ဟာသပြဇာတ်လို့ တပ်ထားတာကိုက စစ်အာဏာရှင်ကို ဘာမှမပြောပါဘူးဆိုတဲ့ သဘောကို ပြနေတာပဲ” ဟု ၎င်းက ပြောသည်။

နှင်းဆီအငြိမ့်အဖွဲ့အား ဒါရိုက်တာမောင်မျိုးမင်းက ဦးဆောင်၍ နေတိုး၊ မိုးမိုး၊ ရဲလေး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုတို့ ပါဝင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအငြိမ့်အဖွဲ့သည် ပြည်သူ့ဆန္ဒကို ထင်ဟပ်ကာ အာဏာရှင်ကို လှောင်ပြောင်ဝေဖန်သည့် ပြက်လုံးများကြောင့် ပြည်သူများ၏ တခဲနက်အားပေးခြင်းကို ခံခဲ့ရဖူးသည့် အဖွဲ့ဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် မင်းမော်ကွန်းမှလွဲ၍ နှင်းဆီအငြိမ့်အဖွဲ့သားများသည် စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်းမရှိတော့သဖြင့် ၂၀၂၂ ခုနှစ်တွင် နှင်းဆီအငြိမ့်အဖွဲ့မှ မင်းမော်ကွန်း နှုတ်ထွက်ခဲ့သည်။

ယခုအခါ ဟာသပြဇာတ်ဟု ခေါင်းစဉ်တပ်၍ နေတိုး၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မေကဗျာ၊ မိုးယုစံ တို့ပါဝင်ကာ “နှင်းဆီပွင့်မည့်နေ့” ဟူ၍ မတ် ၈ ရက်တွင် အငြိမ့်ပြန်ကရန် စီစဉ်လာကြခြင်းလည်း ဖြစ်သည်။