ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က AI စနစ်တပ်ဆင်ထားသည့် စက်ရုပ်ရဟန်း “Buddharoid” ကို ကျိုတိုစီရင်စုရှိ Shoren-in ဘုရားကျောင်းတွင် ယခုသီတင်းပတ်အတွင်း မိတ်ဆက်ပြသခဲ့သည်။
အဆိုပါစက်ရုပ်သည် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရုံသာမက ဂျပန်နိုင်ငံရှိ ဘာသာရေးအဖွဲ့အစည်းများ လျော့နည်းလာချိန်တွင် တရားဓမ္မဆိုင်ရာ ဆွေးနွေးအကြံပေးမှုများနှင့် သံဃာ့ကိစ္စရပ်များ၌ ကူညီပံ့ပိုးပေးနိုင်ရန် ဗုဒ္ဓကျမ်းစာများကို အထူးလေ့ကျင့်သင်ကြားပေးထားခြင်း ဖြစ်သည်။
Buddharoid ကို OpenAI ၏ ChatGPT မှတစ်ဆင့် တိုးမြှင့်ထုတ်လုပ်ထားသော “BuddhaBot-Plus” စနစ်ဖြင့် လည်ပတ်ထားပြီး၊ ဗုဒ္ဓအဆုံးအမများကို အခြေခံကာ ပုဂ္ဂိုလ်ရေးရာကိစ္စရပ်များမှသည် လူမှုရေးပြဿနာများအထိ မေးခွန်းများကို တိကျစွာ ဖြေကြားပေးနိုင်စွမ်း ရှိသည်။
အဆင့်မြင့် ဘာသာစကားအသုံးပြုနိုင်စွမ်းအပြင် Buddharoid တွင် ရဟန်းတစ်ပါး၏ ဟန်ပန်ကို အနီးစပ်ဆုံးတုပနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များလည်း ရှိသည်။
အဆိုပါ စက်ရုံကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Unitree Robotics မှ စက်ရုပ်နည်းပညာကို အသုံးပြုထားပြီး၊ ဖြည်းညင်းတည်ငြိမ်စွာ လမ်းလျှောက်သည့်ဟန်ကို တုပထားသည်။
ဘုရားရှိခိုးခြင်းနှင့် ပရိတ်ရွတ်ဖတ်ရာတွင် လက်အုပ်ချီခြင်း (gassho) တို့ကို စနစ်တကျ ပြုလုပ်နိုင်သည်။
မိတ်ဆက်ပွဲတွင် ပရော်ဖက်ဆာ ဆေဂျီ ကူမာဂါအီက ‘ပတ်ဝန်းကျင်ရှိသူများနှင့် မည်ကဲ့သို့ ဆက်ဆံရေးထားရှိရမလဲ’ မေးမြန်းရာ၊ စက်ရုပ်က “မိမိစိတ်ကို မိမိသတိပြုနေပြီး စိတ်နှလုံးအတွင်း လှုပ်ရှားတုန်လှုပ်ခြင်းမရှိအောင် ထိန်းသိမ်းခြင်းဖြင့် ဆက်ဆံရေးများ တိုးတက်လာလိမ့်မည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
စက်ရုပ်ရဟန်းတစ်ပါး ပေါ်ထွက်လာခြင်းသည် နည်းပညာပြသမှုသက်သက် မဟုတ်ဘဲ၊ ဂျပန်နိုင်ငံ၏ လူဦးရေအိုမင်းမင်းမှုနှင့် လူငယ်များ ရွှေ့ပြောင်းသွားလာမှုတို့ကြောင့် ၂၀၄၀ ပြည့်နှစ်တွင် ဗုဒ္ဓဘာသာကျောင်းတော်များ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ “စွန့်ပစ်ကျောင်းများ” ဖြစ်သွားနိုင်သည့် စိန်ခေါ်မှုများကို လက်တွေ့ကျကျ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ပရော်ဖက်ဆာ ကူမာဂါအီက ယခုစက်ရုပ်သည် ဗုဒ္ဓဘာသာအား ပုံစံသစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် ကူညီပေးနိုင်သည့် “အပြောင်းအလဲကြီးတစ်ခု” အဖြစ် ဖော်ပြခဲ့သည်။ မျက်နှာပြင် သို့မဟုတ် App များ အသုံးပြုခြင်းထက် ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုရှိသော စက်ရုပ်ကို အသုံးပြုခြင်းက တရားဓမ္မရှာဖွေသူများအတွက် ပိုမိုပါဝင်ဆောင်ရွက်လိုစိတ်ရှိစေပြီး စိတ်ပိုင်းဆိုင်ရာအရ ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
