စစ်မှုထမ်းတပ်သားသစ်ရရှိရေး မလေးရှားနှင့် ထိုင်းအစိုးရ အဓိက ပံ့ပိုးပေးနေဟုဆို

ဓာတ်ပုံ- စစ်ကော်မရှင်လက်အောက်ခံမီဒီယာ ပုံစာ- ဩဂုတ်၁၅ရက်က ကော့သောင်းသို့ ပြန်လွှဲပို့ ခံရသည့် မြန်မာများ။

By Ko Myo / MPA

မလေးရှားနှင့် ထိုင်းအစိုးရတို့သည် စစ်ကော်မရှင်က စစ်မှုထမ်းတပ်သားသစ်များ ရရှိအောင် အဓိက ပံ့ပိုးပေးနေသူများဖြစ်ကြောင်း နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက ဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနှင့်ထိုင်းနိုင်ငံတို့တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို မလေးရှားနှင့်ထိုင်းအစိုးရတို့က စစ်ကော်မရှင်ထံသို့ ပြန်လည်လွှဲအပ်လျက်ရှိရာ လွှဲအပ်ခံများထဲမှ လူငယ် အမျိုးသား၊အမျိုးသမီးတို့မှာ စစ်မှုထမ်းသင်တန်းကျောင်းသို့ အဓမ္မပို့ဆောင်ခံနေရကြောင်း ၎င်းက ဆိုသည်။

“သူတို့ပြန်ပို့တဲ့ လူငယ်တွေ စစ်မှုထမ်းထဲ ရောက်သွားတာကို သူတို့(မလေးရှား၊ထိုင်းအစိုးရ)လည်း သိမှာပါ။ဒါပေမဲ့၊မသိချင်ယောင်ဆောင်ပြီး ငါ့လက်ကကျွတ်ပြီးရောဆိုပြီး ပြန်ပို့နေကြတာ။ထိုင်းက နေ ပြန်လွှဲခံရပြီး စစ်တပ်ထဲရောက်၊စစ်တပ်ထဲကနေ အလင်းဝင်လာတဲ့သူတွေက ငြင်းလို့မရတဲ့ သက်သေတွေပဲ။မလေးရှားကနေ ပြန်ပို့ပြီး စစ်တပ်ထဲရောက်သွားရာကနေ အလင်းဝင်လာ တဲ့သူတွေကို မကြားဖူးသေးပေမဲ့ သေချာတာက ပြန်ပို့ခံရတဲ့လူငယ်တွေ ငွေမပေးနိုင်ရင် စစ်တပ်ထဲ ရောက်တာပဲ ”ဟု ၎င်းက MPAသို့ပြောသည်။

ဩဂုတ်လအတွင်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာ ၇၀၅ဦးနှင့် မလေးရှားတွင် ဖမ်း ဆီးခံရသည့်မြန်မာ ၁၆၃ဦးရှိပြီး ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်မှု၊ လူဝင်မှုကြီးကြပ်ရေးအမှုတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း Spring Revolution Database- SRD က ယနေ့(စက်တင်ဘာ ၁၃ရက်) သတင်းထုတ်ပြန်သည်။

“NUGအစိုးရက အာဆီယံဥက္ကဌ မလေးရှားနဲ့ တွေ့ဆုံချိန်မှာ အခုလို မလေးနဲ့ ထိုင်းမှာ ဖမ်းဆီးခံရပြီး ပြန်ပို့ခံရတဲ့လူငယ်တွေ စစ်မှုထမ်းထဲရောက်နေတဲ့ကိစ္စ မဆွေးနွေးဘူးလား။အခု၂၀၂၅မှာ နယ်စပ်မှာ တရားမဝင်ဝင်လာလို့ အဖမ်းခံရတဲ့ မြန်မာတွေကိုကြည့်လိုက်၊လူငယ်တွေများတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာလူငယ်များသည် ပြည်ပနိုင်ငံများသို့ တရားဝင်ထွက်ခွာခွင့်လည်း ပိတ်ပင်ခံထားရပြီး စစ်မှုထမ်းလည်း မလုပ်လိုသဖြင့် ပြည်ပနိုင်ငံများသို့ တရားမဝင်ဝင်ရောက်ကာ အလုပ်အကိုင်ရှာ ဖွေနေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၅ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း ဒေသတွင်းနိုင်ငံများသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် တရုတ်နိုင်ငံ၌ ၁ဦး၊ ထိုင်း၌ ၃၁၇၇ဦး၊ မလေးရှား၌ ၂၉၄၄ဦးနှင့် အိန္ဒိယ၌ ၅၃ဦး စုစုပေါင်း ၆၁၇၅ဦး ဖမ်းဆီးခံခဲ့ရကြောင်း Spring Revolution Database-SRD ကဇူလိုင်၁၂ရက် တွင် သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်၁၅ရက်တွင် မြန်မာနိုင်ငံသား ၉၉ဦးကို ထိုင်းနိုင်ငံ၊ရနောင်းမြို့မှ ကော့သောင်းမြို့ လှေဆိပ်သို့ ပို့ဆောင်ခဲ့ကြောင်း ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်ဟု SRD က ဆိုသည်။

“ကော့သောင်းရောက်ရင် အားကစားရုံထဲ ပို့မယ်။လူရွေးမယ်။ပြီးရင် လူငယ်တွေကို ၆မိုင်ရွာက ခလရ၂၆၂ ထဲ ပို့မယ်။အဲကနေ ပိုက်ဆံနဲ့ပြန်မရွေးနိုင်တဲ့သူတွေကို ဘိတ်(မြိတ်)နဲ့ ပုလော က စစ်မှုထမ်းသင်တန်းကျောင်းပို့မယ်။အဲဒါက ပုံသေနည်းလို ဖြစ်နေပြီ”ဟု CDMအရာရှိက ပြောသည်။

အိန္ဒိယအစိုးရကလည်း အိန္ဒိယနိုင်ငံတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့်မြန်မာများကို စစ် အုပ်စုထံ ပြန်လွှဲလေ့ရှိကြောင်း ၎င်းက ဆိုသည်။

ထိုင်ဝမ်အစိုးရအနေနှင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာများကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် အရပ်ဖက်အဖွဲ့၅၁ဖွဲ့က ဩဂုတ်၂၆ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုခဲ့သေးသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့က ကမ္ဘာ့နိုင်ငံများအနေနှင့် ဒုက္ခသည်အဖြစ် ခိုလှုံလာသည့် မြန် မာပြည်သူများကို နေရပ်ပြန်မပို့ရန် တောင်းဆိုထားသည်။

စာတည်း-ML