အာဖဂန်တာလီဘန်များနှင့် တိုက်ခိုက်နေသည့် ပါကစ္စတန်ကို အမေရိကန်ထောက်ခံ

ဓာတ်ပုံ - AFP
ပုံစာ - ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ရှိ ချာမန် (Chaman) မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်က ကင်းစောင့်နေသည့် ပါကစ္စတန် စစ်သည်တစ်ဦး။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့အကြား အပြန်အလှန်စစ်ကြေညာပြီးနောက် အရှိန်မြင့်တက်လာသည့် တိုက်ခိုက်မှုများတွင် ပါကစ္စတန်၏ “ကိုယ်ကိုယ်တိုင် ခုခံကာကွယ်ပိုင်ခွင့်” ကို ထောက်ခံကြောင်း အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

အာဖဂန်နစ္စတန်ရှိ မြို့ကြီးများကို ပါကစ္စတန်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အာဖဂန်တာလီဘန် အုပ်ချုပ်သူများက ဆွေးနွေးညှိနှိုင်းရန် အသင့်ရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အီးမေးလ်မှတစ်ဆင့် ထုတ်ပြန်ချက်တွင် “”အထူးသတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်အဖွဲ့အစည်း (Specially Designated Global Terrorist group) ဖြစ်တဲ့ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့ ပါကစ္စတန်ရဲ့ လုပ်ပိုင်ခွင့်ကို အမေရိကန်က ထောက်ခံပါတယ်” ဟု ဖော်ပြခဲ့သည်။

အမေရိကန်သံတမန် အယ်လီဆန် ဟွတ်ကာကလည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အမ်နာ ဘာလို့ချ် နှင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် စကားပြောဆိုခဲ့ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ပါကစ္စတန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး ၎င်း၏ စစ်ရေးစွမ်းဆောင်ရည်မှာ အာဖဂန်နစ္စတန်ထက် များစွာသာလွန်သည်။

သို့သော် တာလီဘန်များသည် ပြောက်ကျားစစ်ဆင်ရေးတွင် ကျွမ်းကျင်သူများဖြစ်ကြပြီး၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ ရုတ်ရုတ်သဲသဲ ဆုတ်ခွာသွားချိန် အာဏာပြန်မရမီအထိ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည့် အတွေ့အကြုံရင့်သူများ ဖြစ်ကြသည်။

ပါကစ္စတန်သည် အမေရိကန်၏ နေတိုး (NATO) အဖွဲ့ဝင်မဟုတ်သော အဓိကမဟာမိတ်နိုင်ငံ ဖြစ်သည်။ အမေရိကန်သည် အာဖဂန်တာလီဘန်များကို “အကြမ်းဖက်” အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အာဖဂန်ပိုင်နက်အတွင်းသို့ ပါကစ္စတန်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက်၊ အာဖဂန်ဘက်က ဖေဖော်ဝါရီ ၂၆ ရက်တွင် နယ်စပ်တစ်လျှောက် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အပြန်အလှန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပါကစ္စတန်က အာဖဂန်နစ္စတန်သည် ပါကစ္စတန်တာလီဘန် စစ်သွေးကြွများကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲထားရာမှ တင်းမာမှုများ ကာလရှည်ကြာ မြင့်တက်နေခဲ့ခြင်း ဖြစ်သည်။