အာဏာသိမ်းစစ်တပ်အတွက် အခိုင်းအစေ ကျွန်များသဖွယ် သက်တမ်းရှည်ကြာစွာ လုပ်ဆောင်ပေးနေသည့် စစ်သားနှင့် ရဲများအား ယခုလမှစ၍ လစဉ်အပိုထောက်ပံ့ကြေးများ ပေးမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ကြေညာသည်။
ထိုသို့ပေးရာတွင် အာဏာသိမ်းစစ်တပ် ခိုင်းစေသမျှအား အနည်းဆုံး ဆယ်နှစ်လုပ်ဆောင်ပေးခဲ့သည့် စစ်သားနှင့် ရဲများသာ အပိုကြေးရရှိမည်ဟု သိရသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်မှုအရ ဖေဖော်ဝါရီ ၂၈ ရက်တွင် အနိမ့်ဆုံး ဆယ်နှစ် ခိုင်းသမျှလုပ်သူများအား လစဉ်ထောက်ပံ့ကြေး သုံးသောင်းကျပ်၊ ၁၅ နှစ်အထက်အား ကျပ်ငါးသောင်းနှင့် ၂၀ နှစ်အထက်အား ကျပ်တစ်သိန်း ပေးမည်ဟု သိရသည်။
“ကျွန်သက်ရှည်တဲ့သူတွေအတွက် ခိုင်းကောင်းအောင် ပေးကမ်းစွန့်ကြဲတာပေါ့ဗျာ။ သေရဲ လုပ်ရဲအောင်ပေါ့။ ပေးတာကလည်း မဖြစ်စလောက်လေးပါ။ ပေးတယ်ဆိုတဲ့ ပီတိလေးစားပြီး ကျေနပ်နေအောင်ပေါ့” ဟု အာဏာသိမ်းစစ်တပ်မှ အရာရှိတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အဆိုပါ အပိုကြေးပေးမှုသည် နှစ်ရှည်ခိုင်းသမျှ လုပ်ခဲ့သည့် စစ်သားနှင့် ရဲများအတွက် ၎င်းတို့ရနေသည့် တရားမဝင် အောက်ဆိုဒ် (Outside) ဝင်ငွေများနှင့် နှိုင်းယှဉ်ပါက ပြောပလောက်သည့် ပမာဏမဟုတ်ကြောင်း သိရသည်။
“နှစ်လုံးလိုင်းကြေး လာကောက်ရင် နယ်ထိန်းကို တစ်ရက် သုံးလေးသောင်း ပေးနေရတာ။ ဒီလောက် ပိုက်ဆံက ဒီကောင်တွေ ဘီယာဖိုးတောင် မရှိပါဘူး။ မွေးထားတဲ့ ခွေးကို ကျွေးတဲ့ ထန်းလျက်ခဲလို သဘောမျိုးပေါ့ဗျာ” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နှစ်လုံးထီဒိုင်ကိုင်သူတစ်ဦးက ပြောသည်။
ယခုအပိုကြေးပေးရာတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများနှင့် အာဏာသိမ်းစစ်တပ်အတွက် မြေပြင်တွင် ရှေ့ဆုံးမှ အသေခံတိုက်ပေးနေရသည့် စစ်သားများမှာမူ ခံစားခွင့်ရလိမ့်မည်မဟုတ်ဟုလည်း သိရသည်။
“ရှေ့တန်းမှာ ထိပ်ဆုံးက အသေခံတိုက်ခိုင်းတဲ့ စစ်သားတွေက လုပ်သက်အနုတွေများတယ်။ လုပ်သက်ဆယ်နှစ်လောက်ဆို တော်တော်သောက်သုံးမကျတဲ့သူတောင် အရစ် နှစ်ရစ်လောက် ရနေပြီ။ ဒီတော့ တကယ်အသေခံရတဲ့ကောင်တွေတော့ မရလောက်ဘူး။ အသေခံမယ့်ကောင်တွေကို ခိုင်းနိုင်မယ့်ကောင်တွေပဲ ရတာ” ဟု အာဏာသိမ်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နင်းသဖြင့် လူထု၏ ခုခံတော်လှန်စစ် ပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်းစစ်သား သောင်းနှင့်ချီ၍ ထိခိုက်သေဆုံးမှုများ ရှိနေခဲ့သည်။
အဆိုပါ အာဏာသိမ်းစစ်သားနှင့် ရဲများသည် လူထုကြားထဲ သွားလာရာတွင် ယူနီဖောင်းကိုပင် မဝတ်ရဲဘဲ ပုန်းကွယ်သွားလာရသည်အထိ အကြောက်တရားများဖြင့် နေထိုင်နေရသည်ဟု သိရသည်။
ယင်းအခြေအနေများ ဖြစ်နေချိန်တွင် စစ်ကော်မရှင်က ၎င်းတို့လက်အောက်ခံ ကျွန်သက်ရှည် စစ်သားနှင့် ရဲများအား အပိုကြေးပေးရန် ပြုလုပ်လာခြင်းဖြစ်သည်။
