မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်တွင် သန်းခေါင်ကျော် လောင်ကျွမ်းသောမီးကြောင့် အဘိုးအဘွား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(မတ်၂ရက်)နံနက် ၂နာရီခွဲခန့်တွင် မော်လမြိုင်မြို့၊ဈေးကြိုနယ်မြေ၊တီတီစီကျောင်းလမ်း၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်တွင်းရှိ အဘိုးအဘွား ၂ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
“အခုထိကို ဘာ့ကြောင့်မီးလောင်တယ်တို့ပေါ့။မီးသတ်နဲ့ဆိုင်တဲ့ကိစ္စတွေ အဖြေမသိရသေးဘူး။ အ ဘိုးအဘွားကတော့ အိပ်နေတဲ့အချိန် မီးလောင်တာဖြစ်လို့ မီးခိုးမွှန်ပြီးတော့မှ ဘာမှ မပြေးနိုင်ဘဲ သေ ဆုံးသွားတယ်လို့ အကြမ်းဖျဉ်း သိထားသေးတယ်”ဟု မော်လမြိုင်မြို့ခံလူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။
ယင်းမီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက်၂နာရီမိနစ်၅၀ကျော်၌ မီးငြိမ်း သွား ကြောင်း ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။
သေဆုံးအဘိုးအဘွားတို့၏ ရုပ်အလောင်းနှင့် ဒဏ်ရာရအမျိုးသမီးတို့ကို မော်လမြိုင်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
