မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးရဲစခန်းမှ ဂျမ်မာများကို ဖြတ်ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထိခိုက်မှုရှိကြောင်း သိရသည်။
မတ်လ တစ်ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ထင်းရှူးကျေးရွာအခြေစိုက် အင်အား ၁၀၀ ဝန်းကျင်ရှိ ရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေး တပ်(MSRF)က ယနေ့ (မတ်လ ၃ ရက်) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
“ထင်းရှူးရဲစခန်းကို ကျမတို့ ဒရုန်းနဲ့သွားပြီးတော့ ဗုံးကြဲတဲ့အခါကျတော့ ဂျမ်မာ(လှိုင်းဖြတ်စက် Jammer)တော့ မိတယ်ပေါ့နော်။ ဂျမ်မာမိတယ်ဆိုပေမယ့် ကျမတို့ မွန်-တနင်္သာရီ ညီနောင် ဒရုန်း တပ်ပေါင်းစုကနေပြီးတော့ ကျမတို့မှာရှိတဲ့ နည်းပညာနဲ့ပေါ့နော်၊ ဂျမ်မာကို ဝင်တိုးပြီးတော့ ဗုံးကြဲ ခဲ့တာပဲ ဖြစ်ပါတယ်ရှင်။ ပြောရရင်တော့ သူတို့အနေနဲ့ မထင်ထားတဲ့ အခြေအနေလို့ ပြောလို့တော့ ရမယ်ထင်ပါတယ်။ ထိခိုက်မှု အခြေအနေကတော့ ကျမတို့ အနေနဲ့ကတော့ တပ်တွင်းက သတင်း ရင်းမြစ်ရယ်၊ ပြည်သူလူထုရဲ့ သတင်းပေးပို့မှုကို ချိန်ကိုက်ပြီးတော့ ကျမတို့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က MPA သို့ပြောသည်။
ဒဏ်ရာရသည့် စစ်သား ၃ ဦးနှင့် ထင်းရှူးရဲစခန်းအနီးဝန်းကျင်၏ နောက်ဆက်တွဲ အခြေအနေကိုမူ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်ကလည်း ရေးမြို့နယ် မြောက်ပိုင်း၊ အောင်သပြေ ကျေးရွာအနီးသို့ ရောက်ရှိနေသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းသည် ရေးမြို့နယ် ၊ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ မှ ထွက်လာခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက်၌ နှစ်ကရင်ကျေးရွာသို့ ရောက်ရှိချိန်၌ တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းဖြင့်ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းတွင် နှစ်ကရင်ကျေးရွာနှင့် ၆ မိုင်ခန့်အကွာရှိ အောင်သပြေကျေးရွာအနီးသို့ ယင်းစစ်ကြောင်း ရောက်ချိန်၌ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့သေးကြောင်း သိရသည်။
မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုသည် ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်ဖက်ဒရယ် ကောင် စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေး တပ်ရင်း (KBDF) (အမှတ်- ၈၀၀၂ တပ်ရင်း)၊ ရေးပြောက်ကျားတပ်ရင်း (YGF) (အမှတ်- ၈၀၀၁ တပ်ရင်း) မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသော ဒရုန်းတပ်ပေါင်းစု ဖြစ်သည်။
စစ်သားများထိခိုက်မှုကို MPA အနေဖြင့် သီးခြား အတည်မပြုနိုင်ပေ။
