အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နှင့် အမေရိကန်တို့အကြား စစ်ရေးတင်းမာမှုများ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာပြီးနောက် ကမ္ဘာကျော်ဘောလုံးစူပါစတား စီရော်နယ်လ်ဒိုသည် ၎င်း၏မိသားစုနှင့်အတူ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် အရေးပေါ်ထွက်ခွာသွားပြီဖြစ်ကြောင်း Goal.com သတင်းအရ သိရှိရသည်။
ရော်နယ်လ်ဒို လက်ရှိအခြေစိုက်ရာ ရီယာ့ဒ်မြို့ရှိ အမေရိကန်သံရုံးသည် အီရန်၏ ဖျက်အားပြင်းဒရုန်းများဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် နယ်စပ်ဖြတ်ကျော်ပဋိပက္ခများ ပိုမိုပြင်းထန်လာသောကြောင့် ၎င်းအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးတိမ်းရှောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လေကြောင်းပျံသန်းမှု ခြေရာခံစနစ်များ၏ အချက်အလက်များအရ ရော်နယ်လ်ဒို၏ ပေါင် ၆၁ သန်းတန်ဖိုးရှိ Bombardier Global Express 6500 ကိုယ်ပိုင်လေယာဉ်သည် ဆော်ဒီမှ ထွက်ခွာခဲ့ပြီး အီဂျစ်နှင့် မြေထဲပင်လယ်ကောင်းကင်ယံကို ဖြတ်ကျော်ကာ ၇ နာရီကြာ ပျံသန်းခဲ့ပြီးနောက် မက်ဒရစ်မြို့သို့ ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်တွင် ဘေးကင်းစွာ ဆိုက်ရောက်ခဲ့သည်။
ဤခရီးစဉ်တွင် ၎င်း၏အဖော်ဖြစ်သူ ဂျော်ဂျီနာနှင့် သားသမီး ၅ ဦးတို့လည်း အတူတကွ လိုက်ပါသွားခဲ့ကြသည်။ လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသတွင်း မလုံခြုံမှုများကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနက ၎င်းတို့နိုင်ငံသားများကို ထွက်ခွာရန် တိုက်တွန်းထားသကဲ့သို့ ဗြိတိန်နိုင်ငံသား ကိုးသောင်းကျော်အပါအဝင် ကမ္ဘာကျော်အနုပညာရှင်များစွာသည်လည်း ဒေသတွင်းမှ အစုလိုက်အပြုံလိုက် ထွက်ခွာနေကြသည့် အခြေအနေဖြစ်နေသည်။
ရော်နယ်လ်ဒိုသည် ၎င်း၏ကြွယ်ဝမှုကြောင့် အခြေအနေဆိုးရွားလာချိန်တွင် အချိန်မရွေး အမြန်ဆုံးထွက်ခွာနိုင်သည့် အခွင့်ထူးခံအနေအထားတွင် ရှိနေပြီး အစိုးရများ၏ ဘေးကင်းရေးအကြံပြုချက်များကို လိုက်နာကာ ယခုကဲ့သို့ မက်ဒရစ်သို့ ခေတ္တရွှေ့ပြောင်းနေထိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
၎င်းအသုံးပြုခဲ့သည့် လေယာဉ်သည် ခရီးသည် ၁၅ ဦးအထိ လိုက်ပါနိုင်ကာ အိပ်ခန်း၊ ရေချိုးခန်းနှင့် ဇိမ်ခံပရိဘောဂများ အပြည့်အစုံပါဝင်သည့် အဆင့်မြင့်လေယာဉ်တစ်စင်း ဖြစ်သည်။
ဤဖြစ်ရပ်ကြောင့် ရော်နယ်လ်ဒိုအနေဖြင့် Al-Nassr အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်အခြေအနေနှင့် ဆော်ဒီတွင် ဆက်လက်ကစားမည့်အစီအစဉ်အပေါ် မေးခွန်းများစွာ ထွက်ပေါ်နေသော်လည်း လတ်တလောတွင်မူ မိသားစုဘေးကင်းရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြနေကြသည်။
