မြန်မာအပါအဝင် နိုင်ငံ ၄ ခုကို ကျောင်းသားဗီဇာ ထုတ်ပေးမှု ဗြိတိန် ရပ်ဆိုင်း

ဓာတ်ပုံ-MUM
ပုံစာ- ဇန်နဝါရီလအတွင်း ဗြိတိန်ရောက် မြန်မာများ လန်ဒန်တွင် မြန်မာ့အရေး ဆန္ဒပြနေစဉ်

မြန်မာအပါအဝင် နိုင်ငံ၄ခုကို ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်သည်။

မြန်မာ၊အာဖဂန်နစ္စတန်၊ကင်မရွန်းနှင့် ဆူဒန်နိုင်ငံသားများကို ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်း လိုက်ကြောင်း မတ်လ၃ရက်တွင် ဗြိတိန်ပြည်ထဲရေးဌာနက ထုတ်ပြန်သည်။

အဆိုပါ၄နိုင်ငံမှ ကျောင်းသားများသည် ကျောင်းတက်ရင်း ခိုလှုံခွင့်လျှောက်ထားမှု အလွန်အမင်း မြင့် တက်လာခြင်းကြောင့် အထက်ပါအတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဗြိတိန်နိုင်ငံအနေနဲ့ စစ်ပွဲတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာတဲ့သူတွေကို အမြဲ ခိုလှုံခွင့်ပေးမှာဖြစ်ပေမဲ့ ကျနော်တို့ရဲ့ ဗီဇာစနစ်ကို အလွဲသုံးစား လုပ်တာမျိုးကိုတော့ ခွင့်မပြုဘူး” ဟု ဗြိတိန်ပြည်ထဲရေးဝန်ကြီး Shabana Mahmood က ပြောသည်။

ကျောင်းသားဗီဇာလျှောက်ထားသူအချို့က ကျောင်းတက်ချင်သည့် ရည်ရွယ်ချက်ဖြင့် ဗြိတိန်နိုင်ငံထဲ သို့ ဝင်လာခြင်းမဟုတ်ကြောင်း ဗြိတိန်အစိုးရက ယူဆသည်။

မြန်မာ၊အာဖဂန်နစ္စတန်၊ကင်မရွန်းနှင့် ဆူဒန်နိုင်ငံမှ ကျောင်းသားများ၏ ခိုလှုံခွင့်လျှောက်ထားမှုသည် ၂၀၂၁-၂၀၂၅ခုနှစ်အတွင်း ရာခိုင်နှုန်း၄၇၀ကျော် မြင့်တက်ခဲ့ကြောင်း သိရသည်။

“ကျနော့်သားက ကျောင်းသားဗီဇာနဲ့ ရောက်နေတာ တစ်နှစ်လောက်ရှိ ပြီ။ဒါတောင် ကျနော်တို့က တတ်နိုင်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပို့ပေးတာ။ယူကေမှာ ရောက်နှင့်ပြီး သား ကျောင်းသားဗီဇာ တွေ အတွက် ပြဿနာမရှိဘူးလို့ ထင်တယ်။ဒါပေမဲ့၊ ကျောင်းပြီးရင်တော့ နေ ထိုင်ခွင့် ပေးမယ်မထင်တော့ ဘူး။ ဒီမနက်ပဲ အဲသတင်းသိရလို့ ပူနေရတယ်။ ကျောင်းပြီးလို့ နေထိုင်ခွင့်မရရင် ဘယ်သွားမလဲ။ မြန်မာနိုင်ငံကို ပြန်လာဖို့လည်း မဖြစ်နိုင်သေးဘူးလေ”ဟု ရန်ကုန်မြို့၊မင်္ဂလာ တောင်ညွန့်မြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။

ဗြိတိန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ တရားဝင်မိတ်ဆက်သွားမည်ဖြစ်သည်။