စစ်ကော်မရှင်၏ လွတ်ငြိမ်းခွင့်တွင် အမည်စာရင်းပါသော်လည်း ယနေ့ထိတိုင် ပြန်မလွတ် လာသေးသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀၀ကျော် ထောင်ထဲ၌ ရှိနေသေးကြောင်းသိရသည်။
ဒိုက်ဦးအကျဉ်းထောင်တွင် လွတ်ရမည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူစာရင်းထဲ၌ ၂၅၀ကျော် ရှိသော်လည်း ၂၀၀ကျော်ကို လွှတ်မပေးသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံ ရေးအကျဉ်း သားများကွန်ရက် PPNMက သတင်းထုတ်ပြန်သည်။
” အကျဉ်းထောင် တော်တော်များများမှာ ၅၂(က)နဲ့ ၅၀(ည)ပေါ့နော်။ ဖမ်းဆီးခံထားရတဲ့သူတွေက ဒီနိုင်ငံတော်မှာလည်း တရားဝင်ကြေညာထားတာ ဖြစ်ပေမဲ့လည်းပေါ့နော်။ နာမည်စာရင်းတွေလည်း ပါတယ်လို့လည်း သိရပြီတော့ လွတ်ရမယ့်နေ့ပေါ့နော်။ ၂ရက်နေ့မှာပဲ လွှတ်ပေးတာမျိုးမရှိဘဲနဲ့ ထောင်ထဲကိုပဲ ပြန်ပြီးတော့ ထည့်ထားတယ်လို့လည်း သိရပါတယ်။ ဒါကိုမှ ကျနော်တို့က ဆက်ပြီး တော့ပေါ့နော်။ ဪ၊ ၃ရက်နေ့မှာ လွှတ်လောက်သေးတယ်ဆိုပြီး စောင့်ကြည့်နေပေမဲ့လည်း ၃ရက်နေ့မှာလည်း လွတ်လာတာမတွေ့ရဘူး။ ခုဆိုလို့ရှိရင် ၄ရက်နေ့ ၂နာရီဝန်းကျင်ရှိပြီပေါ့နော်။ ခုထိထပ်ပြီးတော့ လွှတ်တာမျိုးမတွေ့ရသေးပါဘူးရှင့်” PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက MPA သို့ပြောသည်။
ဒိုက်ဦးထောင် ၊မြင်းခြံထောင်၊ ပေါင်းတည်ထောင်၊ မအူပင်ထောင်၊ အိုးဘိုထောင်၊ အင်းစိန် ထောင်နှင့် အကျဉ်းထောင်အများစုတွင် ကျန်ရှိနေသည့် ၅၀(ည)၊၅၂(က) ဖြင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်လာခြင်း မရှိသေးသဖြင့် ၅၀(ည)၊ ၅၂(က) ဖြင့် အကျဉ်းကျနေသည့် နိုင်ကျဉ်းများအား ချက်ချင်းလွှတ်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးရန် လည်း PPNMက တောင်းဆိုထားသည်။
” စစ်တပ်ရဲ့ သဘောထားကို အစစ်အမှန်ပြသွားတဲ့ အခြေအနေလို့ ကျနော်က ပြောချင်ပါတယ်။ တကယ်တော့ လူသိများအောင် လူကြိုက်များအောင် ကိန်းဂဏန်းအရေအတွက်ကို ၇၀၀၀ ကျော်လို့ ရေးထားသော်လည်းပဲ လက်တွေ့မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀၀ကျော်လောက်ပဲ လွတ်လာပြီးမှ ၃၀၀၀ကျော်လောက် နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ ကျန်သေးတယ်ပေါ့နော်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။
မတ်လ ၂ရက် လွတ်ငြိမ်းတွင် အကျဉ်းထောင် ၃၁ခုမှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၆၁၃ဦးသာ လွတ်မြောက်သေးကြောင်း PPNMက သတင်းထုတ်ပြန်ထားသည်။
မတ်လ ၂ ရက်က အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ၅၂(က)တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား စုစုပေါင်း ၇,၃၃၇ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ၁ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ၅၀(ည)နှင့် ၅၂(က)ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုများ ဖြင့် ထွက်ပြေးတိမ်းရှောင်နေ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံ ထားရသူ ၁၂၄၈၇ဦး၏ တရားရုံးကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂မှုကို ပိတ်သိမ်း၍ တရားခံများ ကို အမှုမှလွှတ်ရန်လည်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
