သီရိလင်္ကာကမ်းလွန်တွင် ယနေ့ မတ်လ ၄ ရက်က ရေငုပ်သင်္ဘောဖြင့် တိုက်ခိုက်ခံခဲ့ရသည့် အီရန်စစ်သင်္ဘောတစ်စီးမှ လူ ၁၀၁ ဦး ပျောက်ဆုံးနေပြီး ၇၈ ဦး ဒဏ်ရာရရှိထားကြောင်း သီရိလင်္ကာရေတပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနရှိ သတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ စစ်သင်္ဘောကို အီရန်နိုင်ငံ ဘန်ဒါအဘတ်စ် (Bandar Abbas) သင်္ဘောကျင်းတွင် တည်ဆောက်ပြီး ၂၀၂၁ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ရေတပ်ပိုင် IRIS Dena သည် Moudge-class လမ်းညွှန်လက်နက် တပ်ဆင်ထားသည့် ဖရီးဂိတ်စစ်သင်္ဘောတစ်စီး ဖြစ်သည်။
နစ်မြုပ်နေသော အဆိုပါ သင်္ဘောပေါ်မှ လူ ၃၀ ကို သီရိလင်္ကာစစ်တပ်က ကယ်ဆယ်နိုင်ခဲ့ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ကယ်ဆယ်ပြီးသူများအနက် သင်္ဘောသားတစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ၃၂ ဦးကို ဂေါလ်မြို့ရှိ ကာရာပီတီယာ ဆေးရုံသို့ ပို့ထားကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကိုးကား၍ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြထားသည်။
သီရိလင်္ကာရေတပ်နှင့် လေတပ်တို့က လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန် သင်္ဘောများနှင့် လေယာဉ်များကို စေလွှတ်ထားကြောင်း အတည်ပြုခဲ့သည်။ အဆိုပါကယ်ဆယ်ရေးလုပ်ငန်းသည် အခြားနိုင်ငံတစ်ခု၏ စစ်တပ်နှင့် ပတ်သက်နေသောကြောင့် သင်္ဘောကယ်ဆယ်ရေး ရုပ်သံမှတ်တမ်းများကို ထုတ်ပြန်မည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အီရန်သင်္ဘောထံမှ အရေးပေါ်အကူအညီတောင်းခံမှု ရရှိပြီးနောက် သီရိလင်္ကာရေတပ်က ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၄ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောသည် နိုင်ငံတောင်ပိုင်း Galle ကမ်းလွန်တွင် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို Galle မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီး ဝီဇီတာ ဟာရတ်က ယခုဖြစ်စဉ်အပေါ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း သီရိလင်္ကာနိုင်ငံအနေဖြင့် သင့်တော်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် ပါရှိသည့် သင်္ဘောသား စုစုပေါင်း ၁၈၀ ခန့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
