ပဲ့ထိန်းဒုံးကျည်နှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အသုံးပြုသည့် အီရန် မြေအောက် အခြေစိုက်စခန်းကို အမေရိကန်နှင့် အစ္စရေး ဗုံးကြဲ

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန် အရှေ့ဘက်တွင် တည်ရှိပြီး ပဲ့ထိန်းဒုံးကျည်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များအတွက် အဓိကအသုံးပြုနေသည့် “ဒါမာဗန်း” (Damavand) မြေအောက်စစ်အခြေစိုက်စခန်းကို အမေရိကန်နှင့် အစ္စရေး တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီး ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။

အစီရင်ခံစာများအရ အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတပ်ဖွဲ့များသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ အရေးပါသော အဆိုပါ မြေအောက်စခန်းကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုတိုက်ခိုက်မှုကြောင့် အီရန်၏ ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းနှင့် လေကြောင်းကာကွယ်ရေး အဆောက်အအုံများစွာ ပျက်စီးသွားဖွယ်ရှိကြောင်း ခန့်မှန်းရပြီး၊ အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို လက်တုံ့ပြန် တိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း အဆိုပါ တိုက်ခိုက်မှုများအတွင်း အီရန်၏ ထိပ်တန်းခေါင်းဆောင်ပိုင်းအချို့ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သတင်းအချို့က ဖော်ပြနေသော်လည်း အီရန်အစိုးရဘက်ကမူ တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ရှိတွင် အီရန်ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ရာနှင့်ချီရှိနေပြီဖြစ်ကာ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာ စစ်မီးကူးစက်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

သို့သော်လည်း နိုင်ငံတကာ စစ်ရေးလေ့လာသူအချို့ကမူ ယခုပျံ့နှံ့နေသည့် သတင်းများနှင့် ဗီဒီယိုဖိုင်အချို့သည် အတည်မပြုနိုင်သေးသည့် သတင်းရင်းမြစ်များမှ လာခြင်းဖြစ်သဖြင့် သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။ အထူးသဖြင့် အီရန်ကဲ့သို့သော ဗျူဟာမြောက် မြေအောက်စခန်းကြီးတစ်ခုလုံးကို ချေမှုန်းဖျက်ဆီးနိုင်ခြင်း ရှိ၊ မရှိမှာ လက်ရှိအချိန်အထိ မေးခွန်းထုတ်စရာများ ရှိနေဆဲ ဖြစ်သည်။