မွန်၌ PPP ပါတီဝင်များ ဖမ်းဆီးခံရသည်ဟု သတင်းထွက်ခြင်းသည် ဇာတ်လမ်းဆင် ပုံမှားရိုက်ခြင်းဟု တော်လှန်ရေးအဖွဲ့များ တုံ့ပြန်

ဓါတ်ပုံ - ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပုံစာ - ဘီးလင်းမြို့နယ်ရုံးဖွင့်ပွဲ

By Min AB / MPA

မွန်ပြည်နယ်မြောက်ပိုင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မွန်ပြည်နယ်ဥက္ကဌအပါအဝင် ပါတီဝင် ၄ ဦး တော်လှန်ရေးအဖွဲ့များ ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ဇာတ်လမ်းဆင်ပြီး ပုံမှားရိုက်ခြင်းသာဖြစ်ဟု မွန်အခြေစိုက် တော်လှန်ရေး အဖွဲ့များက တုံ့ပြန်လိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်ဥက္ကဌအပါအဝင် ပါတီဝင် ၄ ဦးသည် သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်ကို ပါတီအလုပ်ကိစ္စများဖြင့် သွားရောက်ချိန် လမ်းခုလတ်တနေရာ၌ အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခဲ့သည်ဟု ပါတီနှင့်နီးစပ်သူများသည် သတင်းဌာနအချို့ကို ဖြေဆိုခဲ့သည်။

ယင်းဖြစ်စဉ်သည် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်ဟု ပါတီခေါင်းဆောင်ပိုင်းတွေက ထုတ်ပြောခဲ့ သည်။

သို့သော် ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် မွန်ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့အားလုံးနီးပါးသည် ၎င်းတို့ ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း MPA ကို ပြောသည်။

“ဒါက သက်သက်ကို ပုံမှားရိုက်ပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချတယ်လို့ ထင်တယ်၊ ဘာလို့ဆိုတော့ ကျတော်တို့ ဒီနယ်မြေမှာ အဖွဲ့တစ်ခုခုက ဖမ်းခဲ့ရင် သိရမှာပါ” ဟု မွန်ပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

MPA အနေဖြင့် မွန်ပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ၊ ရာမညမွန်တပ်တော် NMSP-AD/RMA ၊ မွန်ပြည်ကာကွယ်ရေးတပ်၊ ရေးဘီလူးတပ်ရင်းနှင့် NUG လက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတို့ကို ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အလားတူ ယင်းနယ်မြေတွင် လှုပ်ရှားသည့် KNU အနေဖြင့် ဖမ်းဆီးထားခြင်း မရှိကြောင်း KNLA ရဲဘော်များနှင့် နီးစပ်သူအချို့က ပြောသည်။

“ဒီနေ့အထိတော့ ဖမ်းဆီးတာမျိုးတော့ မကြားသေးဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းထွက်ခဲ့သူများသည် ပြည်သူ့ရှေ့ဆောင်ပါတီ မွန်ပြည်နယ်ဥက္ကဌ ဒေါ်မြသီတာ၊ ပါတီဝင် ဒေါ်ခင်သီတာကျော်၊ ဦးဟိန်းလင်းအောင်နှင့် နောက်ထပ်ပါတီဝင် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်။

၎င်းတို့ကို ဖမ်းခံရသည့်နေ့မှာပင် လက်နက်ကိုင်အဖွဲ့တခုမှ ဖမ်းဆီးခဲ့သည်ဟု Viber ကနေတဆင့် ပါတီတာဝန်ရှိသူများထံ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း PPP ပါတီဒုဥက္ကဌ ဦးစောဟန်အေးက BBC မြန်မာပိုင်းကို ဖြေဆိုထားသည်။

ထို့နောက် စစ်တပ်၏အကူအညီဖြင့် စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဦးစောဟန်အေးက ပြောသည်။

သို့သော် မွန်ပြည်နယ်အတွင်းရှိ မည်သည့်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခဲ့သည်ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

“တကယ်လို့ တော်လှန်ရေးအဖွဲ့က ဖမ်းတယ်ဆိုရင် ဘယ်အဖွဲ့က စစ်တပ်ဆီ လွှဲပေးမှာတုန်း၊ စစ်တပ်က နေရာသိလို့ ဝင်ကယ်ရအောင်လည်း ဒီတလော အဲဒီနယ်မြေမှာ ဘာတိုက်ပွဲမှကို မရှိနေတာ၊ ရိုးသားမှု ရှိရဲ့လားဆိုတာ စဉ်းစားကြည့်ကြပေါ့ဗျာ” ဟု မွန်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

သထုံမြို့နယ်ဇာတိဖြစ်သည့် ဒေါ်မြသီတာသည် စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းအထိ နေအိမ် ပြန်လည် ရောက်ရှိလာခြင်း မရှိသေးကြောင်း သတင်းဌာနအချို့က ရေးသားသည်။

“ဒါဟာ သူတို့အနေနဲ့ ဇာတ်လမ်းရိုက်တာလို့ ထင်တာပေါ့နော်၊ ပြည်သူတွေ အထင်မှားအမြင်မှား ဖြစ်အောင်ရယ်၊ တော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာ သို့လောသို့လောဖြစ်အောင်ပေါ့” ဟု အထူးတိုင်းစစ်ဌာန ဒုတိယကွပ်ကဲရေးမှူး တပ်မဟာ(၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု တော်လှန်ရေးတပ်များက အသိပေးထားသည့်အတွက် ဖမ်းဆီးမှုများရှိခဲ့ပါက တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တရားဝင်ထုတ်ပြန်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုဖမ်းဆီးခံခဲ့ရသည့် ပါတီဝင်များသည် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ ကိုယ်စားလှယ်လောင်းများ ဖြစ်သည်ဟု ပါတီဒုဥက္ကဌ ပြောဆိုချက်အရ သိရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာဌာနများကလည်း စုံစမ်းစစ် ဆေးမှုများ ပြုလုပ်နေ ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်သည် ပြည်သူ့ရှေ့ဆောင်ပါတီဘက်က လုပ်ကြံဝါဒဖြန့် သတင်းလွှင့်ခဲ့ပါက စစ်အုပ်စုပြဌာန်းသည့်တဲ့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေပုဒ်မများနှင့် အရေးယူခံရနိုင်သည်။

စာတည်း-ကိုဆန်း