စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၅ ရက်၊ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ကချင်ကုန်းနှင့် ရှောက်ပင်ကုန်းရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
” ကိုယ်ဝန်ဆောင်အမျိုးသမီးက ကချင်ကုန်းရွာက ဈေးသည်အမျိုးသမီး။ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံကို ပို့တုန်း လမ်းမှာတင် ဆုံးသွားတာ။ နောက်တစ်ယောက်က ရှောက်ပင်ကုန်းရွာက ဘုန်းကြီး ကျောင်းမှာ စစ်လာရှောင်နေတဲ့ အမျိုးသမီး။ သူကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရတယ် ” ဟု ကောလင်းမြို့ စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
ကချင်ကုန်းနှင့် ရှောက်ပင်ကုန်းရွာတို့မှာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ကျေးရွာများဖြစ် ကြောင်း သိရသည်။
” ဗုံးက ကချင်ကုန်းကို တစ်လုံး၊ ရှောက်ပင်ကုန်းရွာက ဘုန်းကြီးကျောင်းကိုကြဲတာ။ ဗုံး၃လုံးလို့ သိရတယ်။ အမျိုးသား ၂ဦးလည်း ဒဏ်ရာရသွားပေမဲ့ အသေးစိတ်မသိရသေးဘူး။ အဲရွာတွေမှာတော့ စစ်ရေးလှုပ်ရှားမှုလုပ်တာမျိုး မရှိပါဘူး။ ဒီအတိုင်း လာပစ်သွားတာ ” ဟု ၎င်းက ဆက်လက် ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ကုန်းရွာရှိ နေအိမ် ၄လုံး၊ ရှောက်ပင်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင်များအပါအဝင် လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။
ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကောလင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုများ ကြောင့် ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူ တစ်သောင်းဝန်းကျင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
