မော်လမြိုင် မှောင်ခိုဈေးကွက်တွင် စက်သုံးဆီ လိုသလောက် ဝယ်၍ရဟုဆို

ဓာတ်ပုံ-ဒေသတွင်း စစ်ကော်မရှင်ချန်နယ် ရာမညတိုင်းမ်
ပုံစာ-မတ်၅ရက်က မုဒုံမြို့နယ်၊ကတုံးပေါ်ရွာ ဆိပ်ကမ်းသို့ စက်သုံးဆီ ရောက်ရှိမှုကို တရားမဝင်မွန် ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုနေပုံ။

မွန်ပြည်နယ်၊မော်လမြိုင်မြို့ပေါ်ရှိ ပြင်ပမှောင်ခိုဈေးကွက်တွင် စက်သုံးဆီ လိုသလောက် ရကြောင်း သိရသည်။

ယနေ့(မတ်၇ရက်)တွင် မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ် စက်သုံးဆီဆိုင်များ၌ အကန့်အသတ်ဖြင့် ရောင်းချပေးလျက်ရှိပြီး တန်းစီစောင့်ဆိုင်းနေရဆဲဖြစ်သောကြောင့် ငွေတတ်နိုင်ကာ ဆီလိုအပ် နေသူများက ပြင်ပမှောင်ခိုဈေးကွက်၌သာ လိုသလောက် ဝယ်ယူနေကြကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။

“ထုံးစံအတိုင်း ဆီတွေ ဂျမ်းဖြစ်ပြီဆိုတော့ ဆီဆိုင်တွေက ဈေးပိုရတဲ့ မှောင်ခိုဈေးကွက်ထဲကို ကဲ့ထုတ်ကြတယ်။မနေ့ကနဲ့ ဒီနေ့ အပြင်ပေါက်ဈေးက ရည်ညွှန်းဈေးထက်ကို ၁၅၀၀နဲ့ ၂၀၀၀ ကြား လောက်များတယ်။တန်းမစီနိုင်တဲ့သူ၊ လိုလည်းလိုနေတဲ့သူတွေ အပြင်မှာပဲ ဝယ်ရတာပဲ”ဟု ၎င်းက MPAသို့ပြောသည်။

ယနေ့ မော်လမြိုင်မြို့ပေါ် စက်သုံးဆီ ရည်ညွှန်းဈေးမှာ ဓာတ်ဆီ92 တစ်လီတာလျှင် ၂၈၇၅ကျပ်၊ 95 တစ်လီတာလျှင် ၂၉၅၅ကျပ်၊ HSD(500ppm)၃၃၇၅ကျပ်၊ HSD(50ppm)၃၄၁၀ကျပ်နှင့် HSD (10ppm)၃၄၁၀ကျပ် ဖြစ်သည်။

မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆိုင်ကယ်တစ်စီးလျှင် ကျပ်၅၀၀၀၊ သုံးဘီး/အိုးဝေ ကျပ်တစ်သောင်း၊ အိမ်စီး ကား ကျပ်၄သောင်း၊ ခရီးသည်တင်ယာဉ်၊လိုက်ထရပ်နှင့်ကုန်ကား(ဒီဇယ်) ကျပ်တစ်သိန်း၊ပရီမီယံ ဒီဇယ်ကား(နံပါတ် အနီ)ကျပ်၄သောင်းနှင့် နံပါတ်အနက် ကျပ်၃သောင်း သာ ဝယ်ယူခွင့်ပြုကြောင်း မတ်၄ရက်က ထုတ်ပြန်ထားသည်။

“ထုတ်ပြန်ထားတာ အိမ်စီးကား ၄သောင်းအထိ ဝယ်လို့ရတယ်ဆိုပေမဲ့၊ ၃သောင်းဖိုးအများဆုံးပဲ ရောင်းတဲ့ဆိုင်ရှိတယ်။ လူတွေက အဆင်မပြေကြတော့ တချို့လည်း တန်းစီဝယ်ပြီး အပြင်မှာ ပြန် ရောင်းတာရှိတယ်။ဆီပြတ်တော့မယ်လို့လည်း ထင်လို့ ကိုယ့်ဘာသာ တန်းစီဝယ်ပြီး အိမ်မှာစုထား တဲ့သူက အများဆုံးပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းက စက်သုံးဆီ ရက် ၄၀စာ ရှိပြီး ဆီတင်သင်္ဘောများလည်း လာနေကြောင်း ပြောဆိုထားသော်လည်း ပြည်သူတို့က အယုံအကြည်မရှိကြပေ။

“သထုံမှာလည်း အပြင်ဈေးမှာ ပိုက်ဆံသာပေး ကြိုက်သလောက်ရတယ်။ဆီဆိုင်တွေမှာတော့ တန်းစီ စောင့်ရတုန်းပါပဲ”ဟု သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

တရာမဝင်မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းကမူ တရားမဝင်စက်သုံးဆီရောင်းချမှုများမရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ကာ ဥပဒေနှင့်အညီ အရေးယူရန် မတ်၅ရက်က ပြောကြားကြောင်း စစ် ကော်မရှင်လော်ဘီ ရာမညတိုင်းမ် ကဖော်ပြထားသည်။

အီရန်စစ်ပွဲကြောင့် စက်သုံးဆီ ချွေတာသည့်အနေနှင့် ကိုယ်ပိုင်ယာဉ်များကို တစ်ရက်ခြားသာ မောင်း နှင်ခွင့်ပြုမည်ဟု မတ်လ ၃ ရက်ညတွင် စစ်ကော်မရှင်က ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း စက်သုံး ဆီ အလုအယက် ဝယ်ယူနေကြသည်။