ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် ကော့ကရိတ်မြို့နယ်တစ်ခွင်ကို နယ်မြေချဲ့ထွင်နေသည့် စစ်တပ်နှင့် ကရင်တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
အင်အားအများအပြားအသုံးပြုထားသည့် စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ကော့ကရိတ်မြောက်ပိုင်း ဒေါနတောင်ပေါ်လမ်းပိုင်းရှိ ကျေးရွာများအပြင် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းနှင့် ကော့ကရိတ်တောင်ပိုင်း အံဖလေး၊ အံဖကြီး ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“အာရှလမ်းပိုင်းကို ဖွင့်နိုင်ဖို့ဆိုပြီး နယ်မြေချဲ့ဖို့ ကြိုးစားလာတာ၊ အဓိကတော့ မြောက်ပိုင်းမှာ သူတို့လက်လွှတ်ထားတဲ့ စခန်းကို ပြန်ရဖို့၊ ထိုးတဲ့နေရာက များတယ်၊ အခုဆို ဒေါနတောင်ခြေဘက်မှာ တိုက်ပွဲဖြစ်နေတုန်းပဲ၊ ပြီးတော့ အံဖလေးတို့၊ အံဖကြီးတို့မှာလည်း တင်းမာနေတာပဲ၊ ကျုံဒိုးဘက်ကနေလည်း ဝင်နေတာ ရှိတယ်” ဟု KNLA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက MPA ကို ပြောသည်။
အဆိုပါစစ်ကြောင်းတွင် နယ်မြေကျွမ်းကျင်မှု ရှိကြသည့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့အပြင် ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့တို့၏ အကူအညီရယူပြီး ဒရုန်း၊ လက်နက်ကြီး အလွန်အကျွံသုံးစွဲပစ်ခတ်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်များ အခြေချထားသည့် အာရှလမ်းပိုင်းအနီးတစ်ဝိုက်ရှိ စခန်းအချို့မှ ယာယီဆုတ်ခွာသွားရတာမျိုး ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ကော့ကရိတ်မြို့မြောက်ပိုင်းကို ပြီးခဲ့သည့်နှစ်ပိုင်းကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် စစ်ရေးပြင်ဆင်မှုပြုလုပ်ပြီးနောက် ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာသည်။
ထို့အပြင် ကော့ကရိတ်မြို့တွင်း၊ ကျုံဒိုးမြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့အပြင်နေရာအချို့ကို တော်လှန်ရေးပူးပေါင်းတပ်များက နယ်မြေစိုးမိုးမှု ရယူထားသော်လည်း စစ်တပ်၏ စစ်ကြောင်းထိုးမှုများ ရှိနေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
“အခုမြို့ထဲမှာ ပုံမှန်အတိုင်းပဲ၊ စစ်သားတွေပဲ တပ်စွဲထားတာလေ၊ တစ်ခါတလေ ဒရုန်းလာတယ်၊ အပြင်ဘက်မှာ အဖွဲ့စုံရှိကြတယ်၊ အဲဒီဘက်မှာတိုက်ပွဲက ဖြစ်တယ်၊ ကျုံဒိုးဘက်လည်း ဖြစ်နေတယ်၊ လက်နက်ကြီးက အမြဲတမ်းလိုလို ကြားရတယ်၊ တချို့ရွာက လူတွေက မြို့ထဲကို လာရှောင်နေတာ ရှိတယ်၊ ဒီမြို့ထဲမှာ နေရတာ ဘယ်အချိန် တိုက်ပွဲဖြစ်မလဲဆိုတာ အားလုံးက စိုးရိမ်စိတ်နဲ့ နေထိုင်နေရတာ” ဟု ၎င်းက ပြောသည်။
ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်သည့် စစ်တပ်က ထပ်မံလက်မလွှတ်ရေးအတွက် မြို့တွင်းမြို့ပြင် တပ်ရင်းတပ်စခန်းများတွင် အင်အားဖြည့်တင်းထားပြီး တော်လှန်ရေးတပ်များ ရှိနိုင်သည့်နေရာများကို လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
(စကခ-၁၂) အခြေစိုက်ထားသည့် ကော့ကရိတ်မြို့တွင် ၎င်း၏လက်အောက်ခံ ခလရ – ၉၇၊ ခလရ – ၂၃၀၊ ခလရ – ၂၃၁၊ အမြောက်တပ်ရင်းတို့အပြင် တပ်ရင်း ၁၀ ရင်း ရှိနေသည်။
တစ်ဖက်တွင်မူ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ဒေါနတောင်လမ်းဟောင်း အောက်ဘိုတဲ၊ ထိဖာလဲကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။
ယင်းနယ်မြေကို ထိန်းချုပ်ရန် ကြိုးစားနေသည့် စစ်တပ်သည် အင်အားရာချီဖြင့် စစ်ကြောင်းသုံးကြောင်းခွဲထိုးနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံနေရသည်။
အထိနာနေသည့်စစ်တပ်သည် ဒရုန်း၊ လေကြောင်းပစ်ကူကို အဓိကအားထားနေရသော်လည်း ရှေ့ဆက်မတိုးနိုင်ဖြစ်နေတာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်သည်ဟု ယင်းနယ်မြေတွင် လှုပ်ရှားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
“ KNU ရဲ့ (၆)ခွင်နဲ့ (၇)ခွင်ကို ထိုးနေတာလို့ ပြောရတယ်၊ အာရှလမ်းပိုင်း ဖွင့်ဖို့က အာရှလမ်းဖွင့်မယ်ဆိုရင် အဲဒီပတ်ပတ်လည်ကို ရှင်းထုတ်နိုင်မှ ရမယ်၊ အဓိကတော့ လက်နက်ကြီးပစ်လို့ရနိုင်တဲ့အကွာအဝေးက စခန်းအဟောင်းရှိခဲ့တယ်လေ၊ အဲဒီစခန်းကို တော်လှန်ရေးအဖွဲ့က သိမ်းထားတယ်၊ အဲဒီနေရာကို သူတို့ပြန်ရရင် ဒီအာရှလမ်းကို အေးဆေးဖွင့်လို့ရပြီ၊ အဲဒါကြောင့်မို့ စစ်ရေးအရှိန်မြှင့်နေတာ” ဟု ကရင်စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ ကော့ကရိတ်မြို့နယ်တစ်ခွင်ကို စစ်မျက်နှာဖွင့်ထားသည့် စစ်တပ်က တော်လှန်ရေးတပ်များ လက်နက်ခဲယမ်းအင်အားလုံလောက်မှုမရှိသည့် အားနည်းချက်အခွင့်ကောင်းရယူပြီး စစ်ပန်းအောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတတိယပတ်ထဲ ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်သည့် တပ်မဟာ – ၇ နယ်မြေ ပိုင်ကျုံမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်တပ်က နှစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။
ယင်းနောက် တိုက်ပွဲပြန်လည်ငြိမ်သက်သွားသော်လည်း စစ်ကောင်စီတပ်က လှိုင်းဘွဲမြို့မှ အင်အားထပ်မံဖြည့်တင်းထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။
ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့သည့်အပြင် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ ထိခိုက်သေဆုံးမှုများ ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့များမှ ထုတ်ပြန်ထားခြင်း မရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်းထဲတွင်မူ မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းနေရာအများစုကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် နယ်မြေအေးချမ်းမှု မရှိဘဲ ကုန်တင်ယာဉ်နှင့် ခရီးသွားယာဉ်အချို့ကို အတင်းအကျပ်ဖိအားပေး ပြေးဆွဲခိုင်းမှုများ ရှိခဲ့သည်။
