ပေါင်းတည်တွင် နယ်မြေရှင်းလင်းရေးတပ် PDF မိုင်းထိပြီး စစ်ကြောင်းမှူးအပါ ၂ ဦး သေဆုံးဟုဆို

ဓာတ်ပုံ - PPDF
ပုံစာ - PPDF မှ ရဲဘော်များကို ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ( ပုံဟောင်း )

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် နယ်မြေရှင်းလင်းရန် ထွက်လာတပ် မိုင်းဆွဲခံရပြီး စစ်ကြောင်း မှူးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၆ရက်၊ နံနက် ၆ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ ခမရ ၁၀ တပ်ရင်းမှ အင်အား ၅၀ခန့်ဖြင့် ထွက်လာသည့် စစ်ကြောင်းကို သဲမဲရွာအနောက်ဘက် သင်္ချိုင်းကုန်းနား အရောက်၌ ဒေသခံ PDF တို့က မိုင်းနှစ်လုံး ဆွဲခဲ့ရာ စစ်သား၃ဦးလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” မိုင်းက ပတ်လည်မိုင်းတစ်လုံးနဲ့ ရှေ့ထွက်မိုင်းတစ်လုံး ဆွဲခဲ့တာပါ။ သူတို့လာမယ့်လမ်းကို ကြိုသိလို့ မိုင်းသွားဆင်ထားတာ။ မိုင်းဆွဲပြီးတော့ ကျနော်တို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာမျိုးမရှိပါဘူး။ သူတို့ဖက်ကတော့ ၁၅ မိနစ်လောက် ဟိုပစ်ဒီပစ် ပြန်ပစ်တယ်။ သေဆုံးမှုက ကျနော်တို့မျက်မြင်ပါပဲ။ သေတဲ့သူတွေကို ဒရွတ်တိုက်ဆွဲခေါ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုကျ ပုခုံးပေါ်ပိုးခေါ်သွားတာတွေမြင်ရတယ်။ စစ်ကြောင်းမှူးသေဆုံးတာကို အတွင်းသတင်းပေးတွေဆီ ကနေ သိရတာပါ ” ဟု ပြည်ခရိုင်တပ်ရင်း၁၊ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော်Shadow က MPA ကို ပြောသည်။

မိုင်းထိပြီးနောက် ယင်းစစ်ကြောင်း ခမရ၁၀တပ်ရင်းထဲသို့ ပြန်ဝင်သွားပြီး သေဆုံး၊ဒဏ်ရာရများကို ရွှေတောင်မြို့ ကုတင်၁၀၀ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မိုင်းဆွဲခဲ့သည့်နေရာကို PDFတို့က နယ်မြေရှင်းလင်းရာ ကျည်ဘောက်တစ်ခုနှင့် ကျည် ၄၂ တောင့် သိမ်းဆည်းရရှိခဲ့သည်။

သဲမဲရွာသည် ခမရ ၁၀ နှင့် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး ယင်းစစ်ကြောင်းကြောင့် သဲမဲရွာနှင့် အနီးကျေးရွာများမှ ပြည်သူများ စစ်ကြောင်းရန် ရှောင်တိမ်းနေကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၂မှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၂ရက်ကလည်း ခမရ ၁၀ တပ်ရင်းမှ အင်အား ၅၀ခန့်ဖြင့် နယ်မြေရှင်းလင်းရန် ထွက်လာသည့် စစ်ကြောင်းကို သဲမဲရွာတောင်ဘက်တွင် ဒေသခံ PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့သေးသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။