ဘုတ်ပြင်းတွင် စစ်ကြောင်းထိုးလာသောတပ် တိုက်ခိုက်ခံရပြီး ၄ ဦးသေ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ ဟုဆို

ဓာတ်ပုံ - KNU Mergui-Tavoy District

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။

ယနေ့ (မတ်လ ၉ ရက်) နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊လေညာ-ရတနာပုံ လမ်းပိုင်း၊ ၅မိုင်အနီးတွင် ခမရ ၅၅၉ ၊ ခမရ ၅၆၀ ၊ ခမရ ၃၅၈ နှင့် ခမရ ၂၂၄ တပ်ရင်းတို့မှ အင်အား ၃၀၀ ကျော်ပါ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

“ခြေလျင်စစ်ကြောင်းပါ။ကားနဲ့လာပြီးမှ ခြေလျင် ဖြည်းဖြည်းချင်း တိုးလာနေတာပါ။ အင်အားက တော့များတယ်။ ခန့်မှန်း ၃၀၀ကျော် ဝန်းကျင်လောက်ရှိမယ်ဗျ။ တပ်ရင်း၄ခုကနေ ကားနဲ့လာ စုပြီးမှ လက်နက်ကြီးပစ်ကူနဲ့ အဆက်မပြတ်ထုပြီး ကျ‌နော်တို့ တပ်တွေနားကို ဖြည်းဖြည်းချင်း တိုးလာနေ တာပဲ”ဟု ‌မြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA သို့ပြောသည်။

ယင်းတိုက်ခိုက်မှုအပြီးတွင် MA1 သေနတ် တစ်လက် ၊ MA3 သေနတ် ၂ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

” တိုက်ပွဲက ဖြစ်လိုက် နားလိုက်နဲ့ လက်ရှိလည်း နှစ်ဘက် တပ်တွေဆိုင်ထားဆဲအခြေအနေပါ။ ဒဏ်ရာရသူတွေကို ဘယ်ပို့လဲတော့ ကျနော်တို့ အတိကျမသိရသေးဘူး။ သူတို့ပြန်မဆုတ်ပါဘူး။ ဆက်လက်ပြီး တိုက်ပွဲက ပြင်းထန်ဖို့များပါတယ် “ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုကို KNLAတပ်မဟာ၄၊ တပ်ရင်း၂၀၃နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲ ခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကြောင်း စတင်ထွက်လာသည်မှာ ၄ ရက်ခန့် ရှိပြီဖြစ်ပြီး ယနေ့(မတ်လ ၉ ရက်) ညနေ ၅ နာရီဝန်းကျင်အထိ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုမရှိသေးသော်လည်း တိုက်ပွဲ အရှိန်ပြင်းထန်လာပါက လေကြောင်းတိုက်ခိုက်လာနိုင်ကြောင်း ၎င်းကဆိုသည်။

စစ်သားများ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။