မုံရွာတွင် ကင်းပတ်ထွက်သည့် စစ်သားများကို PDF ဖြတ်တိုက်၊ တစ်ဦးသေ၊ သေနတ်တစ်လက် သိမ်းဆည်းရမိဟုဆို

ဓာတ်ပုံ - Brave Heart Army - BHA
ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကင်းပတ်ထွက်လာသည့် စစ်သားများကို ဖြတ်တိုက်ခဲ့ရာ တစ်ဦးသေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army – BHA ကသတင်းထုတ်ပြန်သည်။

မတ်လ ၉ရက်၊ ညနေ ၄နာရီ ၃၅မိနစ်ခန့်တွင် မုံရွာမြို့အဝင် မအူဂိတ်မှ အင်အား ၂၀ ဝန်းကျင်ဖြင့် ကင်းပတ်ထွက်လာသည့် စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားတစ်ဦးလည်း ဒဏ်ရာရကာ MA1 သေနတ်တစ်လက်နှင့် ကျည်ကာ ဦးထုပ်တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army – BHA ကသတင်းထုတ်ပြန်သည်။

” သူတို့လမ်းကင်းထွက်ပေးတာပေါ့။ လမ်းကင်းထွက်ပေးတာ တစ်နေရာနဲ့ တစ်နေရာ မီတာ ၃၀၀လောက်ပဲဝေးမှာပေါ့။ အဲ့ကြားထဲကို အဲ့ ၂ကောင်က ကူးတာပေါ့နော်။ ကူးတော့ ကျနော်တို့က အဲ့ကြားထဲကနေ ဖြတ်ပြီး‌တော့ ပစ်လိုက်တာပေါ့။ တစ်ကောင်က လက်မောင်းထိပြီး လွတ်သွား တယ်။ တစ်ကောင်ကပြုတ်တယ်” ဟု Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

သေဆုံး၊ ဒဏ်ရာရစစ်သား ၂ဦးကို ကား၂စီးဖြင့် မုံရွာမြို့၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ သယ်ဆောင်သွားကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် မအူဂိတ်နဲ့ မီတာ ၁၅၀၀ ဝန်းကျင်သာဝေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် ည ၉နာရီ ၃၇မိနစ်ခန့်တွင် စစ်တပ်က ထနောင်းတောမြောက်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်းသိရသည်။

ထို့နောက် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Brave Heart Army -BHA နှင့် Golden Target Force – GTFအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။