စစ်အုပ်စုနှင့် ပုလဲလုပ်ငန်း လုပ်ကိုင်နေသည့် ကနေဒါနိုင်ငံသား ၄ ဦးကို အရေးယူရန် JFM တောင်းဆို

ဓာတ်ပုံ - Justice For Myanmar

ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူထားသည့် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) နှင့် စီးပွားရေးလုပ်ကိုင်နေသော ကနေဒါနိုင်ငံသားများအပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေး အရေးယူရန် Justice For Myanmar ကတောင်းဆိုလိုက် သည်။

၂၀၂၄ ခုနှစ်၊ ဧပြီတွင် Justice For Myanmar ကိုယ်စားပြု ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိပ်တန်း ကနေဒါရှေ့နေများက ကနေဒါနိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်သည်ဟု သံသယရှိ သည့် အထောက်အထားများကို ကနေဒါရဲတပ်ဖွဲ့ထံသို့ တိုင်ကြားစာ တင်သွင်းပေးပို့ခဲ့ပြီး ယင်းအ ထောက်အထားများတွင် လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများနှင့် ကုမ္ပဏီမှတ်ပုံတင် ဆိုင်ရာ အချက်အလက်များလည်း ပါဝင်ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

အရေးယူရန်တောင်းဆိုထားသည့် ကနေဒါနိုင်ငံသား ၄ဦးမှာ Pierre Hajjar၊ Marie Rose Jarmakli Hajjar၊ Sarkis Hajjar နှင့် Michael Pierre Hajjar တို့ဖြစ်ပြီး ၎င်းတို့သည် ပုလဲမွေးမြူခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်း၊ လေလံတင်ရောင်းချခြင်းနှင့် ပုလဲကုန်သွယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီကွန်ရက်တစ်ခုဖြစ်သည့် Belpearl နောက်ကွယ်ရှိ မိသားစုဖြစ်ကြောင်း သိရသည်။

” Hajjar မိသားစုနဲ့ Belpearl ကုမ္ပဏီတို့ဟာ ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စု အဖွဲ့အစည်းတစ်ခုနဲ့ စီးပွားရေးလုပ်ဆောင်နေတာ ၄နှစ်ကျော်ကြာပြီဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင် ခြင်းဖြင့် သူတို့ဟာ ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့၊ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ဖျက်ဆီးနေတဲ့ တရားမဝင် စစ်အုပ်စုကို ဝင်ငွေရရှိစေဖို့ ထောက်ပံ့ကူညီနေခဲ့တာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆို ခွင့်ရှိသူ မရတနာမောင်ကပြောသည်။

Belpearl သည် မြန်မာနိုင်ငံ၊ တနင်္သာရီတောင်ပိုင်းကမ်းလွန်ရှိ ရွှေကျွန်း (Russel Island) တွင် ပုလဲမွေး မြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး ၎င်းလုပ်ငန်းကို စင်ကာပူအခြေစိုက် Belpearl (S) Pte Ltd. ကုမ္ပဏီ၏ လက်အောက်ခံ မြန်မာကုမ္ပဏီ Belpearl Myanmar Co., Ltd. မှတစ်ဆင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တနင်္သာရီရှိ ယင်းပုလဲမွေးမြူရေးစခန်းအတွက် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ကို စစ်တပ်ကြိုးကိုင်အစိုးရထံမှ ၂၀၁၄ ခုနှစ်က ရရှိခဲ့ကြောင်း သိရသည်။

Belpearl Myanmar သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတစ်ရက်၊ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု မှတစ်ဆင့် စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ဖြင့် ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်သဖြင့် ထိုစီမံချက်အရ Belpearl သည် ၎င်း၏ထုတ် လုပ်မှုမှ အချိုးကျဝေစုတစ်ခုကို MPE ထံ ပေးအပ်ရကြောင်းသိရသည်။

စစ်အုပ်စုသည် ထိုပုလဲများကို နေပြည်တော်ရှိ ပုံမှန်လေလံပွဲများ၌ ရောင်းချလေ့ရှိပြီး ယင်းလေလံပွဲများသို့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် မကြာခဏ တက်ရောက်လေ့ရှိကြောင်း JFMကဆိုသည်။

” စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကနေဒါနိုင်ငံက ချမှတ်ခဲ့တဲ့ အကြိမ်ကြိမ်သော ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို JFM က ကြိုဆိုပါတယ်။ ဒါပေမဲ့၊ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည် ဖော်မှုတွေနဲ့ ကျားကန်ထောက်ပံ့ပေးဖို့ လိုအပ်နေပြီး၊ Hajjar မိသားစုဝင်‌တွေရဲ့ လုပ်ရပ်တွေဟာ ကနေဒါနိုင်ငံဥပဒေကို အလွန်အမင်း မထီမဲ့မြင်လုပ်နေတာကို ပြသနေပါတယ်” ဟု မရတနာမောင် က ဆက်လက်ပြောသည်။

Belpearl သည် စစ်အုပ်စုထံ ပုလဲများပေးအပ်ခြင်းအားဖြင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအတွက် ဝင်ငွေများ ရရှိစေရန် ကူညီပေးနေကြောင်း JFMကဆိုသည်။

၂၀၂၁ ခုနှစ်၊ မေ ၁၇ ရက်တွင် ကနေဒါနိုင်ငံက မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။

” ကနေဒါအာဏာပိုင်တွေအနေနဲ့ Belpearl နဲ့ ၄င်းရဲ့ပိုင်ရှင်တွေ ပါဝင်ပတ်သက်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ ချိုးဖောက်မှုဖြစ်စဥ်အားလုံးကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီး၊ ဥပဒေနဲ့ တိတိပပအရေးယူ ဆောင်ရွက်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်ကပြောသည်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းလများအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့သည် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် ခဲ့သော်လည်း ဥရောပသမဂ္ဂ နှင့် ဩစတြေးလျတို့မှာမူ ယခုအချိန်အထိ ထိုသို့ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ပျက်ကွက်နေဆဲ ဖြစ်ကြောင်း Hajjar မိသားစုဝင် ၄ဦးနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဘက်များသည် Belpearl Myanmar ၏ ပိုင်ဆိုင်မှုကို ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီဘုတ်အဖွဲ့သို့ ဝင်ရောက်လာသူ ပြင်သစ်နိုင်ငံသား Georges Christian Jarmakli နှင့် ၂၀၂၅ ခုနှစ်တွင် ဘုတ်အဖွဲ့သို့ ဝင်ရောက်လာသူ ဩစတြေးလျနိုင်ငံသား Nejteh Movses Demirian ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြင့် ထိုဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဟာကွက်ကို အသုံးချခဲ့ပုံရကြောင်း Justice For Myanmar ကထုတ်ပြန်ထားသည်။