ရန်ကုန်မြို့တွင် ညဘက် ကလပ်သွား ဘားတက်နေကြသော စစ်အုပ်စုအနွယ်ဝင် လူငယ်တို့ကို ဖမ်း ဆီးရဲသူမရှိသဖြင့် စုံ/မရက် ထည့်တွက်စရာမလိုဘဲ လွတ်လပ်စွာ သွားလာနေကြကြောင်း သိရသည်။
စက်သုံးဆီ ချွေတာရေးစီမံချက်ဟုဆိုကာ မတ်လ၇ရက်မှစတင်ကာ ပုဂ္ဂလိကယာဉ်များအနေနှင့် စုံ/မ နံပါတ်အက္ခရာအလိုက် စုံရက်၊မရက် တစ်ရက်ခြားသာ မောင်းနှင်ရမည်ဟု စစ်ကော်မရှင်က ထုတ် ပြန်ထားသော်လည်း ညဘက် ကလပ်သွား၊ဘားတက်နေသော စစ်အုပ်စုနှင့် ၎င်းတို့၏အနွယ် လူငယ် များမှာမူ အကျုံးမဝင်ဘဲ အခွင့်ထူးခံများဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ညဘက် ကင်းလှည့်နေတဲ့ စစ်တပ်လည်း မဖမ်းရဲဘူး။ရဲဆိုတာ ဝေလာဝေးပဲ။သူ့ဘာသာ စုံဖြစ်ဖြစ်၊ မ ဖြစ်ဖြစ် ဘာမှ ဂရုစိုက်စရာမလိုဘူး။ အဲဒီကောင်တွေ ညဘက်မူးရူးပြီး လမ်းမပေါ် ကားနဲ့ လူတိုက် မိလို့ လူသေရင်တောင် သူ့လမ်းကြောင်းနဲ့သူ ရှင်းသွားတယ်။ဘာမှမဖြစ်ဘူး”ဟု ၎င်းက MPAသို့ ပြောသည်။
ညနက်ပိုင်းအထိ မည်သည့်ယာဉ်ထိန်းရဲမှ စုံ/မကားများကို မစစ်ဆေးသလို ညဘက် လူငယ်များ မောင်းလာသောကား မည်မျှရမ်းကားနေစေကာမူ မသိချင်ယောင်ဆောင်ရမည်ကိုလည်း အလေး အနက် သိကြကြောင်း ၎င်းက ဆိုသည်။
“ယာဉ်ထိန်းတွေက ညဘက် မထွက်တာများတယ်။ထွက်လည်း ညဉီးပိုင်းလောက်ပဲ။ ဘာလို့လဲဆို တော့ လမ်းပေါ်သွားလာနေတဲ့ကားတိုင်းက ဒီကောင်တွေကို လုပ်ချင်နေကြတာ။အဲဒါကြောင့် သူတို့ ကလည်း အလုပ်ခံရမှာကြောက်လို့ မထွက်ရဲတာ။ညဘက် ကလပ်တက်နေတဲ့ကောင်တွေကို ဖမ်း ရင် ချက်ချင်းပြုတ်မှာလည်း သူတို့သိတယ်”ဟု သာကေတမြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
စုံ/မစီမံချက် စတင်အသက်ဝင်ပြီးနောက် မတ်လ၈ရက်မှ စတင်ကာ ယာဉ်ထိန်းရဲများကို နံနက်အ စောပိုင်းတွင် အတွေ့များလာသလို ည၇နာရီကျော်အထိလည်း တွေ့လာရကြောင်း ဆိုသည်။
“အဓိကကတော့ ဒီအချိန် ဒီကောင်တွေ(ယာဉ်ထိန်းရဲ) မရှိလောက်ဘူးထင်ပြီး ကိုယ့်ထွက်ရက်မဟုတ် ဘဲ ထွက်လာတဲ့ကားတွေကို အလစ်ဖမ်းပြီး ငွေညှစ်တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယာဉ်ထွက်ရက်မဟုတ်ဘဲ ထွက်လာသောကားများကို ဖမ်းဆီးမိလျှင် ယာဉ်ထိန်းတို့က အနည်းဆုံး ကျပ်၂သောင်းတောင်းကာ ပွဲတော်တည်နေကြကြောင်း သိရသည်။
