စစ်တပ် နှစ် ၃၀ ကျော် တပ်စွဲထားသည့် ဝင်း၀တပ်စခန်းကို တစ်လကြာတိုက်ခိုက်ပြီးနောက် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ဓာတ်ပုံ-KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ စစ်ကော်မရှင်၏ အဓိကအခြေစိုက်စခန်းတစ်ခုဖြစ်သော ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တစ်လကျော်ကြာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့( မတ်လ ၁၁ရက်) ညနေပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

“ခုနယ်မြေရှင်းလင်း ထွက်ပြေးတဲ့ စကစတွေ ၅၀ကျော်ထွက်ပြေး။ ၅၀ကျော် သေဆုံး။ လက်နက်ကြီးငယ် အားလုံး ၅၀ ကျော်ရ။ သုံ့ပန်းမရှိ။ မတက်ခင် ကတည်းက လက်နက်ချခိုင်းတယ် မရလို့ တက်သိမ်းရတယ်”ဟု KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။

အဆိုပါ ဝင်းဝတပ်စခန်းသည် ထားဝယ်-မြိတ် အမှတ် (၈) လမ်းမကြီးပေါ်ရှိ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ)၊ မင်းဒပ်ကျေးရွာအတွင်း၌ နှစ်ပေါင်း (၃၀) ကျော်ကြာ အခိုင်အမာအခြေချ တပ်စွဲထားသည့် စစ်ကော်မရှင်၏ အရေးပါသော စခန်းတစ်ခုဖြစ်သည်။

၎င်းစခန်းကို KNLA ဗျူဟာအမှတ် (၂)၏ ဦးဆောင်မှုဖြင့် တပ်မဟာ (၄) တပ်ရင်း (၁၂)၊ တပ်မဟာ (၆) တပ်ရင်း (၂၇)၊ တပ်မဟာ (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ (၃၃) လက်အောက်ခံ T(5) တပ်ရင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အပြင်းအထန် ခုခံမှုများရှိခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဟန်ချက်ညီညီ ထိုးစစ်ဆင်မှုကြောင့် မတ်လ ၁၁ရက် ညနေ (၄) နာရီတွင် စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စခန်းသိမ်းပိုက်ရရှိမှုနှင့်အတူ စစ်ကော်မရှင်တပ်ထံမှ လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း ရဲရဲဝံ့ဝံ့ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော အရာရှိ၊ စစ်သည်တော်များနှင့် မဟာမိတ်တပ်ဖွဲ့များအားလုံးကို ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က အထူးပင်အသိအမှတ်ပြု ဂုဏ်ပြုထားသကဲ့သို့ တိုက်ပွဲအတွင်း အသက်နှင့်ခန္ဓာ ပေးဆပ်သွားခဲ့ကြသည့် သူရဲကောင်းများနှင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော ပြည်သူလူထုတစ်ရပ်လုံးကိုလည်း လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခု ဝင်းဝတပ်စခန်း ကျဆုံးခြင်းသည် ထားဝယ်-မြိတ် လမ်းပိုင်းကို စိုးမိုးထားသည့် စစ်ကော်မရှင်၏ စစ်ရေးယန္တရားအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့သည်။

ယနေ့(မတ်လ ၁၂ ရက်) နံနက်ပိုင်းတွင် စစ်တပ်က ဝင်းဝစခန်းအနီး လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲ တစ်နာရီဝန်းကျင်ထိ လေကြောင်းတိုက်ခိုက်မှု ထပ်မံမရှိသေးကြောင်း သိရသည်။

ဝင်းဝတပ်စခန်းတွင် ခမရ ၄၀၃ ၊ ခမရ ၄၀၄ နှင့် ခမရ ၄၀၅ တပ်ရင်းတို့မှ အင်အားများဖြင့် တပ်စွဲထားခြင်း‌ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၀၉ မှ စစ်ကူလာခြင်းရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့မှုများကြောင့် ဝင်းဝစခန်းထိ မရောက်နိုင်ခဲ့ကြောင်း သိရသည်။