ဝင်းဝစခန်းမှ ထွက်ပြေးသွားသော စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - KNU မြိတ်-ထားဝယ်ခရိုင်
ဝင်းဝစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်ကွင်း။

တနင်္သာရီတိုင်း ၊ သရက်‌ချောင်းမြို့နယ်ရှိ KNLAပူးပေါင်းတပ် သိမ်းပိုက်ခဲ့သည့် ဝင်းဝစခန်းမှ ထွက်ပြေးသွားသော စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက်တွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သရက်ချောင်းမြို့နယ် ၊ မင်းဒပ်ကျေးရွာ၌ တပ်စွဲထားသည့် ဝင်းဝစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ယင်းစခန်းမှ ထွက်ပြေးသွားသည့် စစ်သားများကို မတ်လ ၁၄ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထပ်မံတိုက်ခိုက်ခဲ့ရာ MA1 သေနတ် ၅ လက် ၊ MA3 သေနတ် ၃ လက် ၊ MA4 သေနတ် တစ်လက် ၊ G3 သေနတ် တစ်လက်နှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ က ယနေ့(မတ်လ ၁၅ ရက်) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။

“တိုက်ပွဲတွေက ဆက်ဖြစ်နေတာဆိုတော့လေ၊ ဟုတ်ပါတယ်။ ဒီသတင်းမှန်ပါတယ်ဗျ”ဟု MOD တနင်္သာရီတိုင်း ကွပ်ကဲရေးအဖွဲ့မှ တွဲဘက်ကွပ်ကဲရေးမှူးက MPA သို့ အတည်ပြုသည်။

ဝင်းဝစခန်းအနီးတွင် စစ်ကူလာသည့် တပ်များ ၊ ဝင်းဝစခန်းကို သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်သားများနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအရ ထွက်ပြေးစစ်သားများအား တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ် ဖြေကြားခြင်းမရှိပေ။

“တိုက်ပွဲတွေဆက်ဖြစ်နေတာကတော့ ဝင်းဝစခန်းကနေပြီး ထွက်ပြေးလာတဲ့ လွတ်မြောက်ထွက် ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိသလို သူတို့ဆီကို ကနဦးကတည်းက စစ်ကူလာ နေတဲ့ လူတွေနဲ့ ပေါင်းမိပြီးတော့ သူတို့ပါ ရောဖိနှိပ်တယ်ပေါ့ဗျာ။ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား တွေရောပေါ့။ အဲလိုတော့ ရှိပါတယ်ဗျ။ကျနော်တို့ ရရှိထားတဲ့ သတင်းအရတော့ ဝင်းဝစခန်းကို စတင် တိုက်ခိုက်ကတည်းကနေပြီးတော့ စစ်ကူလာတဲ့ အင်အားက အင်အား ၁၅၀ လောက်ရှိတယ်။ နောက် ထပ် အင်အား ၆၀ လောက် ထပ်လာတယ်ပေါ့ဗျာ။ ဆိုတော့ အဲဒါတွေကတော့ သရက်ချောင်းမြို့ပေါ် က သူတို့စုစည်းပြီးသား ၄၀၄ ၊ ၄၀၅ တပ်ရင်းတွေကပါဗျ”ဟု၎င်းက MPA သို့ပြောသည်။

ဝင်းဝတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်မှစတင်ကာ စစ်တပ်က လေကြောင်း တိုက် ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

“လေကြောင်းကတော့ ဖေဖော်ဝါရီ ၈ ရက်နေ့ကနေ စပြီးတော့ပေါ့ဗျာ။ ပျံလိုက်၊ ဗုံးချလိုက်နဲ့ ဗုံးအကြိမ်ရေတောင် မနည်းတော့ပါဘူး။ နေ့တိုင်းနီးပါးပါပဲ။ ဗုံးမကြဲရင်တောင် လာပြီးတော့ ပျံ သန်းပြီးတော့ ဖိအားပေးတဲ့ သဘောတွေ လာလုပ်လေ့ရှိပါတယ်။ ဗုံးအမျိုးအစားတွေကတော့ အမျိုးမျိုးပါပဲ၊ ၁၅၀ လည်းချတယ်။ ၂၅၀ လည်း ချတယ်။ ပေါင် ၅၀၀ လည်းချတယ်။ ဆိုတော့ ပြီးတော့ ဂျက်ဖိုက်တာနဲ့ဆိုလည်း အပေါ်ကနေ ပစ်သွားတာပေါ့‌ဗျာ။ စက်လတ်နဲ့ ပစ်သွားတာမျိုးပေါ့။ စခန်းသိမ်းပြီးတဲ့ နောက်ပိုင်းမှာလည်း လေကြောင်း‌ကနေပြီးတော့ လာပြီးတော့ တိုက်ခိုက်နေတာရှိပါတယ်။ အချို့တိုက်ခိုက်မှုတွေဆိုရင် စစ်နယ်ဝန်းနဲ့ ဘာမှမသက်ဆိုင်တဲ့ နေရာပေါ့ဗျာ။ တိုက်ပွဲ ဧရိယာမဟုတ်တဲ့ နေရာတွေလည်း လာပြီးတော့ ဗုံးချသွားတာတွေ ရှိတယ်ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

စစ်တပ်၏ ‌လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကာ သေဆုံးသူ ၂ ဦး၏ အခြေအနေကိုမူ အသေးစိတ် ဖြေကြားခြင်း မရှိပေ။

ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးပေါ်ရှိ မင်းဒပ်ကျေးရွာအတွင်း နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုများကို KNLA တပ်မဟာ ၄၊ ဗျူဟာ အမှတ် ၂ ဦးဆောင်မှုဖြင့် K.N.LA တပ်ရင်း ၁၂ ၊တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ တပ်မဟာ ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ၊ NUG ထားဝယ်ခရိုင်အမှတ်တစ် တပ်ရင်း ၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း တော် လှန်ရေးတပ်ဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

စစ်သားများသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML