ပရိသတ်ကို ထိုးကြိတ်ခဲ့သည့် မောင်မောင်လွင် လက်ရွေးစင်အသင်းမှ အနားယူမည်ဟု ကြေညာ

မြန်မာ့လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သူ မောင်မောင်လွင်သည် ပြီးခဲ့သည့် ပွဲစဉ်အတွင်း အမျိုးသမီးပရိသတ်တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၆ လ ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ကျပ်သိန်း ၃၀ ချမှတ်လိုက်ကြောင်း မတ် ၁၃ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် မောင်မောင်လွင်က ၎င်း၏လုပ်ရပ်အတွက် ပြစ်ဒဏ်ကို လက်ခံခြင်းထက် လက်ရွေးစင်အသင်းမှ အပြီးတိုင်နားယူတော့မည်ဖြစ်ကြောင်း ယနေ့(မတ် ၁၅ရက်)တွင် လူမှုကွန်ရက် စာမျက်နှာ၌ တုံ့ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် မတ်လ ၁၀ ရက်နေ့က သန်လျင်သီဟဒီပကွင်း၌ ကျင်းပခဲ့သော ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပွဲကစားနေစဉ်အတွင်း ပရိသတ်တစ်ဦးနှင့် အချင်းများရာမှ မောင်မောင်လွင်က ဒေါသကို မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယင်းလုပ်ရပ်သည် အားကစားသမားတစ်ဦး မကျူးလွန်သင့်သည့် ဆိုးရွားသော လုပ်ရပ်ဟု သတ်မှတ်ကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မောင်မောင်လွင်က ၎င်းအနေဖြင့် လူမျိုးရေးခွဲခြားမှုနှင့် မိဘကို စော်ကားမှုများကြောင့် တုံ့ပြန်မိခြင်းဖြစ်ကြောင်း အကြောင်းပြခဲ့သော်လည်း၊ အားကစားဝါသနာရှင် ပြည်သူအများစုကမူ မည်သည့်အကြောင်းပြချက်နှင့်မျှ ပရိသတ်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို လက်မခံနိုင်ကြောင်း ဝေဖန်နေကြသည်။

အထူးသဖြင့် အမျိုးသမီးပရိသတ်တစ်ဦးအပေါ် ယခုကဲ့သို့ ပြုမူခြင်းသည် မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်တစ်ဦး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်ဟု ထောက်ပြကြသည်။

အားကစားဝါသနာရှင် ပြည်သူတစ်ဦးက “ဘောလုံးကွင်းထဲမှာ ပရိသတ်တွေရဲ့ အော်ဟစ်ဆဲဆိုမှုဆိုတာ ရှိစမြဲပါ။ အတွေ့အကြုံရင့်တဲ့ လက်ရွေးစင်ကစားသမား တစ်ယောက်အနေနဲ့ ဒါကို သည်းခံနိုင်ရပါမယ်။ အခုလို ပရိသတ်ကို ပြန်ပြီး ထိုးကြိတ်တာဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။ စည်းကမ်းဖောက်ဖျက်ရင်တော့ ပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူသင့်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောသည်။

အလားတူပင် အခြားသော ဘောလုံးပရိသတ်များကလည်း မောင်မောင်လွင်အနေဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လက်ရွေးစင်အသင်းမှ နားယူမည်ဟု ဆုံးဖြတ်ခြင်းသည် မိမိ၏အမှားကို ဝန်ခံခြင်းထက် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ရာ ရောက်သည်ဟု ဝေဖန်ကြသည်။

အသင်းခေါင်းဆောင်တစ်ဦးအနေဖြင့် စံနမူနာကောင်း ပြရမည့်အစား အမှားကျူးလွန်ပြီးနောက် စိတ်ကောက်ကာ နားယူလိုက်ခြင်းမှာ ပရိသတ်များအပေါ် လေးစားမှုမရှိခြင်းကို ပြသနေကြောင်း ထောက်ပြမှုများ ရှိနေသည်။

“ကွင်းထဲမှာ ဘယ်လောက်ပဲ ဖိအားရှိရှိ၊ ပရိသတ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တာဟာ အနီကတ်ပြခံရမယ့် လုပ်ရပ်တင်မကဘဲ ပြစ်မှုတစ်ခုပါပဲ။ ဒါကို အကာအကွယ်မရဘူးလို့ အကြောင်းပြပြီး အနားယူတာဟာ ရှောင်လွှဲတဲ့သဘောပဲ ဖြစ်ပါတယ်” ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ပြစ်ဒဏ်သည် နူးညံ့လွန်းသည်ဟုပင် အချို့က ယူဆနေကြပြီး၊ နိုင်ငံတကာတွင် ယခုကဲ့သို့ ပရိသတ်ကို တိုက်ခိုက်ပါက တစ်သက်တစ်ကျွန်း ပွဲပယ်ခံရသည်အထိ ပြင်းထန်လေ့ရှိကြောင်း သိရသည်။

မောင်မောင်လွင်အနေဖြင့် မိမိ၏အမှားကို ပြန်လည်ပြင်ဆင်ပြီး ပရိသတ်ထံ တောင်းပန်ခြင်းထက် အသင်းမှ နားယူရန် ဆုံးဖြတ်လိုက်ခြင်းသည် ၎င်း၏ အားကစားသမားဘဝအတွက် အမည်းစက်တစ်ခု ဖြစ်သွားစေနိုင်သည်။

၎င်း၏ ဖွင့်ဟချက်တွင် ဘဝ၏ သုံးပုံနှစ်ပုံကို ဘောလုံးအတွက် ပေးဆပ်ခဲ့သည်ဟု ဆိုထားသော်လည်း၊ ပရိသတ်အပေါ် ကျူးလွန်သည့်လုပ်ရပ်က အဆိုပါ ပေးဆပ်မှုများအပေါ် မှေးမှိန်သွားစေခဲ့ပြီး အားကစားလောကတွင် စည်းကမ်းသည် အဓိကဖြစ်ပြီး၊ မည်မျှပင် ထူးချွန်သည့် ကစားသမားဖြစ်စေကာမူ စည်းကမ်းနှင့် ကျင့်ဝတ်ကို လေးစားမှုမရှိပါက ပရိသတ်၏ လေးစားမှုကို ရရှိနိုင်မည်မဟုတ်ကြောင်း ယခုဖြစ်စဉ်က သတိပေးလိုက်ခြင်းဖြစ်သည်ဟု အားကစားဝါသနာရှင်တစ်ဦးက ထောက်ပြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်လည်း နောင်တွင် ယခုကဲ့သို့ ကစားသမားများ၏ စည်းကမ်းမဲ့လုပ်ရပ်များကို ပိုမိုပြင်းထန်စွာ အရေးယူရန် လိုအပ်သကဲ့သို့၊ ကစားသမားများကိုလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းမှု သင်တန်းများ ပေးသင့်ကြောင်း အကြံပြုမှုများ ထွက်ပေါ်နေသည်။ အသင်းခေါင်းဆောင်တစ်ဦး၏ အမှားသည် တစ်သင်းလုံး၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ကို ကစားသမားတိုင်း သတိပြုရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

မောင်မောင်လွင်၏ လက်ရွေးစင်အသင်းမှ နားယူမှုသည် အောင်မြင်မှုတစ်ခုဖြင့် အဆုံးသတ်ခြင်းမဟုတ်ဘဲ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် ပြစ်ဒဏ်ချမှတ်ခံရမှုတို့ဖြင့်သာ အဆုံးသတ်သွားခဲ့ကြောင်း အားကစားဝါသနာရှင်များက ထောက်ပြကြသည်။

စာတည်း-ကိုဆန်း