အီရန်စစ်ပွဲကြောင့် သမ္မတထရန့် တရုတ်ခရီးစဉ် တစ်လခန့် နောက်ဆုတ်နိုင်

အီရန်စစ်ပွဲ အခြေအနေများကြောင့် ဧပြီလအစောပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသည့် တရုတ်နိုင်ငံခရီးစဉ်ကို တစ်လခန့် နောက်ဆုတ်ရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ်လ ၁၆ ရက်တွင် ပြောကြားသည်။

“ကျွန်တော်တို့ဘက်က ခရီးစဉ်ကို တစ်လ ဒါမှမဟုတ် တစ်လကျော်လောက် နောက်ဆုတ်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု သမ္မတထရန့်က အိမ်ဖြူတော်ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။

မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ သတ်မှတ်ထားသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် ခရီးစဉ်ကို နောက်ဆုတ်ရန် တောင်းဆိုမှုသည် အီရန်စစ်ပွဲကြောင့် သမ္မတထရန့်၏ နိုင်ငံခြားရေးမူဝါဒ လုပ်ငန်းစဉ်များ ပြောင်းလဲသွားသည်ကို ပေါ်လွင်စေသည်။

ထို့ပြင် အရှေ့အလယ်ပိုင်း အကျပ်အတည်းသည် ကုန်သွယ်ရေးနှင့် ထိုင်ဝမ်အရေးတို့ကဲ့သို့ပင် ဝါရှင်တန်နှင့် ပေကျင်းအကြား တင်းမာမှုများကို ပိုမိုမြင့်တက်စေမည့် အကြောင်းရင်းတစ်ရပ် ဖြစ်လာခဲ့သည်။

အမေရိကန်အစိုးရ ပြောခွင့်ရအရာရှိ ကာရိုလိုင်း လီဗစ်က “သမ္မတအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ မျှော်လင့်ထားဆဲပါ၊ ရက်ချိန်းတွေတော့ ပြောင်းလဲသွားနိုင်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

မတ်လ ၁၅ ရက်က Financial Times နှင့် အင်တာဗျူးတွင် သမ္မတထရန့်က တရုတ်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် မကူညီပါက တွေ့ဆုံမှုကို ရွှေ့ဆိုင်းသွားနိုင်ကြောင်း ပြောကြားခဲ့သည်။