ကိုယ့်ကားကိုယ် မောင်းချင်သည့်နေ့မောင်းမည်ဟု ငါးမင်းဆွေ(ခ)ဦးမင်းဆွေက ပြောကြား လိုက်သည်။
မတ်လ၇ရက်မှစတင်ကာ စက်သုံးဆီချွေတာရေးစီမံချက်အဖြစ် ယာဉ်များအနေနှင့် စုံ/မ နံပါတ် အက္ခရာအလိုက် စုံရက်၊မရက် တစ်ရက်ခြားသာ ထွက်ခွင့်ပြုခြင်းအပေါ် ပြည်သူများက မလိုလား ကြသလို ငါးမင်းဆွေကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှနေ၍ အထက်ပါအတိုင်း ကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။
“ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပြီး နိုင်ငံတော်ကိုအခွန်ဆောင်ထားတာပါ။ စုံစုံ မမ ဘာဆိုင်လို့လဲ။ ဆီကို လည်း ကျသင့်တဲ့အဖိုးအခပေးဝယ်ရတာပဲ။ကိုယ့်ကား မောင်းချင်တဲ့နေ့မောင်းမယ် ။မင်းတို့ ပိုက်ဆံ တစ်ပြားမှမပါဘူး”ဟု ငါးမင်းဆွေက ရေးသားထားသည်။
ယခုအခါ ယာဉ်များ စုံ/မ ခွဲ၍ မောင်းနှင်သည့်စနစ်ကို One Stop Service စနစ်ဖြင့် စစ်ကော်မရှင် ထိန်းချုပ်နယ်မြေများတွင် စစ်ဆေးအရေးယူလျက်ရှိရာ စစ်ဆေးရေးအဖွဲ့များအတွက် ငွေတွင်းဖော် ပေးသလို ဖြစ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်နေ အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အဲဒီအဖွဲ့စုံဆိုတဲ့ကောင်တွေရော၊ယာဉ်ထိန်းတွေရော စုံရက်မှာတက်လာတဲ့ မဂဏန်းကားတွေကို မိ ရင် ပိုက်ဆံတောင်းနေတာပဲ။ယာဉ်ထိန်းတွေဆို မနက်အစောကြီးထပြီး ဖမ်းတယ်။ညဘက် အမှောင် ထဲကနေ စောင့်ပြီး ဖမ်းတယ်။ငွေတောင်းတယ်။ဒီကောင်တွေအတွက် ငွေဂွင်ဖန်ပေးသလိုဖြစ်နေ တယ်”ဟု ၎င်းက ပြောသည်။
စက်သုံးဆီချွေတာရေးအတွက် တစ်ရက်ခြားတွင် တစ်ခါသာ ဆီထည့်ခွင့်စနစ်ကို ပြုလုပ်ပြီးပြီဖြစ်၍ လုံလောက်ပြီဖြစ်ကြောင်းနှင့် ယာဉ်များ တစ်ရက်ခြားတစ်ခါ ထွက်ရန်ဆိုသည့်အမိန့်မှာ မလိုအပ် ကြောင်းလည်း ဆိုသည်။
“အလုပ်ရှိတယ်။ကားမောင်းလို့မရတော့ တက္ကစီဌားရတာပေါ့။နယ်ဘက်တွေမှာဆိုရင် ဆိုင်ကယ်နဲ့ လက်လုပ်လက်စားတွေ အလုပ်သွားနေရတယ်။ဆိုင်ကယ်မောင်းမရတော့ တစ်ခုခုဌားရတော့ ပိုက် ဆံပိုကုန်တယ်။စစ်တပ်က ပြည်သူတွေ နှိပ်စက်တဲ့နေရာမှာတော့ တော်တော်ကျွမ်းတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကလည်း စက်သုံးဆီဆိုင်များက စုံ၊မရက်ခွဲ၊ ဘားကုဒ်ဖတ်ကာ ရောင်းနေပြီဖြစ်၍ စုံ၊မရက်ဖြင့် ကားမောင်းခွင့်ကန့်သတ်ချက်ကို ပယ်ဖျက်ရန် ၎င်း၏ ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။
