မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကလေးကျေးရွာရှိ ဘီးလင်းမြစ်ကမ်းနဘေးမှ တရုတ်နိုင်ငံသားပိုင် ရွှေမျှောလုပ်ကွက်တစ်ခုကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအလုပ်သမား ၃ ဦး သေဆုံးကာ တရုတ်နိုင်ငံသားများအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
အဆိုပါနေရာကို ယမန်နေ့( မတ်လ ၁၆ ရက်)၊ နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံးခန့် လာရောက်ကြဲချခဲ့ခြင်းဖြစ်ပြီး ရွှေမျှောဖောင်နှင့် စက်ပစ္စည်းများရှိရာ နေရာများသို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်လတ်ပိုင်းအရွယ် ဒေသခံအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ နေရာ၌ပင် သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိသည့်အနက် တရုတ်နိုင်ငံသားအချို့လည်း ပါဝင်နေကြောင်း သိရသည်။
“ဘီးလင်းချောင်း ဘင်ဘန်းဘက်မှာ ကြဲတာကလေ၊ တရုတ်ရဲ့ ရွှေဖောင်တစ်ဖောင်ပေါ်ကို နှစ်လုံးကျတယ်၊ ကျန်တဲ့ဟာက ချောင်းဘေးနားက စက်ရှိတဲ့နေရာ ကျတယ်” ဟု အထူးတိုင်းစစ်ဌာန ဒုတိယကွပ်ကဲရေးမှူး၊ တပ်မဟာ (၁) PDF တာဝန်ခံ ကိုအေးမင်းထွန်းက MPA သို့ ပြောသည်။
ယခု ဗုံးကြဲခံရသည့်နေရာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်ပြီး၊ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်နေသည့် ရွှေမျှောလုပ်ကွက် ၅၀ ထက်မနည်း ရှိနေကြောင်း သိရသည်။
ထိုဒေသတစ်လျှောက်တွင် တရုတ်နိုင်ငံသားများကသာ လုပ်ငန်းများကို အဓိကချုပ်ကိုင်ထားပြီး ဒေသခံများမှာ အလုပ်သမားအဖြစ်သာ လုပ်ကိုင်နေကြရခြင်းဖြစ်သည်။
ယခုနေရာသို့ စစ်ကော်မရှင်က တိုက်ခိုက်ခဲ့ခြင်းသည် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ စီးပွားရေးအရင်းအမြစ်များကို ဖြတ်တောက်ရန် ရည်ရွယ်ခြင်းဖြစ်နိုင်သော်လည်း လက်တွေ့တွင် အခြေခံအလုပ်သမားများသာ ထိခိုက်သေဆုံးနေရကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။
လေကြောင်းတိုက်ခိုက်မှုပြီးနောက် အဆိုပါလုပ်ကွက်များအတွင်းရှိ အလုပ်သမားများမှာ ထပ်မံဗုံးကြဲခံရမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး လုပ်ငန်းခွင်များလည်း ရပ်ဆိုင်းနေကြောင်း သိရသည်။
“သူတို့ ကြဲတာတော့ အဲဒီနားက လုပ်ကွက်အကုန်လုံးကို လိုက်ကြဲတာရော၊ ပစ်တာရောပဲ၊ အထိအများဆုံးက တရုတ်ပိုင်ဖြစ်တယ်၊ ထိသွားတဲ့ တရုတ်နိုင်ငံသားပိုင်တဲ့ နေရာဆို ကြီးတော့ ထိခိုက်မှုက များတယ်လို့ သိထားတယ်၊ အဲဒီတလျှောက်က တရုတ်တွေကြီးပဲ အုပ်စိုးထားတာ၊ ဒေသခံတွေ အလုပ်သမားဖြစ်နေတာပဲ” ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ဘီးလင်းမြစ်တစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများအပေါ် ဒေသခံများက ယခင်ကတည်းက စိုးရိမ်မှုများရှိနေခဲ့သော်လည်း ယခုကဲ့သို့ စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း တည်ငြိမ်မှု ပိုမိုပျက်ပြားလာမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်က နယ်မြေကျော်လွန်၍ လေကြောင်းအသာစီးဖြင့် ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ အရပ်သားပစ်မှတ်များအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း သတင်းရရှိသည်။
