အရှေ့အလယ်ပိုင်း စစ်ပွဲကို အဆုံးသတ်ရန် ထရန့် ပြောလာ

ဓာတ်ပုံ-- Kyle Mazza/TheNews2

DW

အမေရိကန်အစိုးရအနေဖြင့် အရှေ့အလယ်ပိုင်း စစ်ပွဲကို အဆုံးသတ်ရန် စဉ်းစားနေကြောင်း သမ္မတ ဒေါ်နယ်ထရန့်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

အီရန်နှင့် ပတ်သက်၍ ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထရန့်က သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

အီရန်နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောကြားပြီးနောက် တစ်နာရီအကြာတွင် အဆိုပါမှတ်ချက်သည် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့်အတူ အိမ်ဖြူတော်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က မိမိတို့စစ်နိုင်နေပြီဟု ထင်မြင်ကြောင်းနှင့် ရန်သူကို အမြစ်ပြတ်ချေမှုန်းနေချိန်တွင် အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် သူ၏ လူမှုကွန်ရက်ပို့စ်တွင် ထရန့်က ၎င်းတို့အစိုးရ၏ ရည်ရွယ်ချက်မှာ အီရန်၏ ဒုံးပျံစွမ်းရည်ကို လျှော့ချရန်၊ အီရန်၏ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းများကို ဖျက်ဆီးရန်၊ ၎င်းတို့၏ ရေတပ်နှင့် လေတပ်ကို ဖယ်ရှားရန်နှင့် အီရန်ကို နျူကလီးယားစွမ်းရည် အနားသို့ပင် အကပ်မခံရန်တို့ ဖြစ်သည်။

ထို့ပြင် အစ္စရေး၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ ဘာရိန်းနှင့် ကူဝိတ် အပါအဝင် အရှေ့အလယ်ပိုင်း မဟာမိတ်များကို အကာအကွယ်ပေးရန်လည်း ပါဝင်သည်။

အဆိုပါ ပင်လယ်ကွေ့ငါးနိုင်ငံစလုံးသည် အမေရိကန်နှင့်အစ္စရေးတို့၏ ပူးပေါင်းစစ်ဆင်ရေးအပေါ် အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများအတွင်း ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုနှင့် ပတ်သက်၍လည်း ယင်းရေလက်ကြားကို အသုံးပြုနေသည့် အခြားနိုင်ငံများကသာ လိုအပ်သလို စောင့်ကြပ်ထိန်းသိမ်းရမည်ဖြစ်ပြီး အမေရိကန်က ဆောင်ရွက်မည်မဟုတ်ကြောင်း၊ သို့သော် အကူအညီတောင်းခံလာပါက ကူညီပေးသွားမည်ဖြစ်သော်လည်း အီရန်၏ ခြိမ်းခြောက်မှု ကင်းစင်သွားပါက ယင်းသို့ကူညီရန် လိုအပ်တော့မည်မဟုတ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။