မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် အမျိုးတစ်ဦး ကျပ် ၁၀၀၀၀ ငွေစက္ကူအတုပြုလုပ်ပြီး အသုံးပြုနေသည့်အတွက် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
အသက် ၂၈ နှစ်အရွယ် ဒေါ်မြူလင်းလင်းသည် ၎င်း၏နေအိမ်မှာပင် ကာလာပရင်တာများဖြင့် ငွေစက္ကူအတုများကို ထုတ်လုပ်နေခြင်း ဖြစ်သည်။
စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် သတင်းရပြီးနောက် စက်တင်ဘာလ ၁၂ ရက် နေ့တွင် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
“ငွေစက္ကူအတု ဖမ်းမိတာက တကယ်ပဲ၊ သူတို့ဟာ သူတို့ထုတ်နေတာ တစ်ယောက်ထဲတော့ မဟုတ်ဘူး၊ အစပိုင်းမှာ နည်းနည်းချင်းပဲ ထုတ်သုံးတာပေါ့၊ ဒီနောက်ပိုင်းကျမှ အများကြီးထုတ်သုံးလာတာ၊ အဲဒါကို သက်ဆိုင်ရာက ဘယ်လိုသိပြီး ဖမ်းသွားလဲတော့ သေချာမသိဘူး” ဟု နှစ်ကရင်ကျေးရွာ ဒေသခံတစ်ဦးက MPA ကို ပြောသည်။
လတ်တလော ပျံ့နှံ့နေသည့်သတင်းများအရ ဒေါ်မြူလင်းလင်းသည် ငွေစက္ကူတစ်သောင်းတန်အတု သိန်း ၁၃၀ ဝန်းကျင်ဖြင့် ကားဝယ်ယူရန် ငွေချေချိန်တွင် မသင်္ကာသဖြင့် ဖမ်းဆီးခံရသည်ဟု ပြောဆိုမှုများ ရှိသည်။
အလားတူ ဒေါ်မြူလင်းလင်းသည် အမျိုးသားဖြစ်သူနှင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက် ၎င်း၏အမျိုးသားသည် အာဏာပိုင်များကို တိုင်တန်းခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းထွက်နေသော်လည်း ဘယ်လိုအကြောင်းအကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ဟု MPA အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိ ဒေါ်မြူလင်းလင်းကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ၎င်းနှင့် ပတ်သက်ဆက်နွယ်သူ များကို လိုက်လံစုံးစမ်နေကြောင်း သိရသည်။
“ဒီအမှုနဲ့ပတ်သက်သူတွေကို လိုက်စုံစမ်းနေကြတယ်၊ နောက်တခြားသူတွေလည်း ရှိနေသေးတယ်လို့ သူထွက်ဆိုထားတယ်” ဟု ရေးမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဒေါ်မြူလင်းလင်း တစ်သောင်းတန်ငွေစက္ကူအတုများ မည်မျှထုတ်လုပ်သုံးစွဲခဲ့ပြီးကိုမူ မသိရသေးသော်လည်း ပြည်သူများအကြား စိုးရိမ်မှုများ ရှိနေကြသည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ငွေစက္ကူအတု ထုတ်လုပ်အသုံးပြုနေသူ ပိုများလာသည့်အပြင် Facebook စာမျက်နှာအချို့ တွင်လည်း ငွေစက္ကူအတုများ ရောင်းချနေသည့်ဈေးကွက် ကျယ်ကျယ်ပြန့်ပြန်ရှိလာသော်လည်း စစ်အုပ်စုသည် ထင်သလောက် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသေးပေ။
