တရုတ်အစိုးရ၏ အုပ်ချုပ်မှုအောက်ရှိ ဟောင်ကောင်ဒေသတွင် အများပြည်သူတို့၏ ဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများ၏ လျှို့ဝှက်နံပါတ် Password များကို တောင်းယူစစ်ဆေးခွင့်ရှိသူ နည်းဥပေဒများကို ပြဌာန်းလိုက်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။
တရုတ်အစိုးရက ဟောင်ကောင်တွင် လွန်ခဲ့သည့် ခြောက်နှစ်နီးပါးက ‘နိုင်ငံတော်လုံခြုံရေးဥပဒေ’ တစ်ရပ် ပြဌာန်းခဲ့ပြီး ယခုအခါ ယင်းဥပဒေအား ချက်ခြင်း အကောင်အထည်ဖော်မည့် နည်းဥပဒေများကို မတ်လ ၂၃ ရက်တွင် ထပ်မံ ပြဌာန်းလိုက်ခြင်းဖြစ်သည်။
ယင်းဥပဒေအရ Password ပေးရန်ငြင်းဆန်သူများကိုလည်း အပြစ်ပေး အရေးယူနိုင်ပြီဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီမိုကရေစီရေး ဆန္ဒပြပွဲများအပြီး ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်တွင် “နိုင်ငံတော်လုံခြုံရေးဥပဒေ” ကို စတင်ကျင့်သုံးခဲ့သည်။ အကြမ်းဖက်မှုနှင့် နိုင်ငံတော်မှ ခွဲထွက်ရေး ကြိုးပမ်းမှုများကို ပစ်မှတ်ထားသည့် အဆိုပါဥပဒေများသည် တည်ငြိမ်မှုအတွက် လိုအပ်သည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း ဝေဖန်သူများကမူ ယင်းသည် အတိုက်အခံများကို နှိမ်နင်းရန် လက်နက်သဖွယ် အသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
“နိုင်ငံတော်လုံခြုံရေးဥပဒေ” အရ ဟောင်ကောင်ရဲတပ်ဖွဲ့သည် တရားရုံးဝရမ်းမပါဘဲ နေရာအဆောက်အအုံများကို ဝင်ရောက်စီးနင်းခွင့်၊ အင်တာနက်ကုမ္ပဏီများအား အကြောင်းအရာများ ဖယ်ရှားရန် သို့မဟုတ် စက်ကိရိယာများ သိမ်းဆည်းရန် အမိန့်ပေးခွင့်နှင့် ပြည်ပတွင် လှုပ်ရှားနေသော နိုင်ငံရေးအဖွဲ့အစည်းများထံမှ အချက်အလက်များ တောင်းခံခွင့်တို့ကို ရရှိထားသည်။
ထို့အပြင် “နိုင်ငံတော်လုံခြုံရေးဥပဒေ” အရ အချို့သော အမှုစစ်ဆေးမှုများကို လူထုအား အသိပေးခြင်းမရှိဘဲ တံခါးပိတ်စစ်ဆေးခွင့်လည်း ပြုထားသည်။
နိုင်ငံတော်လုံခြုံရေးဥပဒေ စတင်ကျင့်သုံးပြီးနောက်ပိုင်း ဟောင်ကောင်တွင် ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံ လွှတ်တော်အမတ်ဟောင်း ရာပေါင်းများစွာ အဖမ်းခံခဲ့ရသည်။
