မွန်ဒေသ လစာနည်းဝန်ထမ်းများ ဆီအခက်ကြောင့် နေ့စဉ် ရုံးမတက်နိုင်တော့

ဓာတ်ပုံ-ချောင်းဆုံလူမှုကွန်ရက်ဂရုဖ်
ဆီဘေးသင့် ချောင်းဆုံပြည်သူများ။

မွန်ပြည်နယ်၊မော်လမြိုင်နှင့် ပတ်ဝန်းကျင်မြို့များရှိ လာဘ်ငွေမရသော လစာနည်းဝန်ထမ်းတို့မှာ စက်သုံးဆီအခက်အခဲကြောင့် နေ့စဉ်ရုံးမတက်နိုင်တော့ကြောင်း သိရသည်။

စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသဖြင့် အချိန်ကုန်နေခြင်းနှင့် ဆီမလောက်ဌခြင်းတို့ ကြောင့် နေ့စဉ်ရုံးမတက်နိုင်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာအကြီးအကဲများကလည်း နားလည်မှုပေးထားကြ ကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။

“ဆိုင်တွေက ဝန်ထမ်းတွေကို သီးသန့်တန်းစီခိုင်းလို့ အချိန်အကြာကြီး မစီရပေမဲ့ တစ်နေ့မှ ဆီ ၅၀၀၀ ဖိုးပဲ ဝယ်လို့ရတာလေ။ဒါတောင် တချို့မြို့တွေမှာ ဝန်ထမ်းတွေကိုလည်း စုံ၊မစနစ်နဲ့ရောင်းတော့ ရုံး သွားဖို့ နည်းနည်းဝေးတဲ့ဝန်ထမ်းက ဘယ်သွားလောက်မလဲ။အပြင်မှာဝယ်ဖြည့်ရအောင် အခု တစ်လီ တာတစ်သောင်းခွဲလောက်ပေါက်နေတော့ အောက်ဆိုဒ်မရှိတဲ့ဝန်ထမ်းတွေ ဒုက္ခရောက်တယ်”ဟု ၎င်း က MPAသို့ပြောသည်။

မော်လမြိုင်၊ချောင်းဆုံ၊ပေါင်နှင့် သထုံတို့တွင် လာဘ်ငွေမရသောဝန်ထမ်းတို့မှာ နေ့စဉ်ရုံးမတက်နိုင် တော့ခြင်းဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။

မတ်လ၂၄ရက်မှစတင်ကာ မော်လမြိုင်မြို့အနီးရှိ ချောင်းဆုံတွင် ဝန်ထမ်းများကိုလည်း စုံ၊မစနစ်ဖြင့် သာ ဆီရောင်းပေးတော့ကြောင်း သိရသည်။

“ဝန်ထမ်းတွေကို သပ်သပ်တန်းစီခိုင်းပြီး ရောင်းပေးလို့ ပြည်သူတွေလို ညအိပ်တန်းမစီရပေမဲ့ တန်း သွားစီတာ ၁နာရီ၊၂နာရီလောက်မှရရင် ဘယ်ရုံးတက်နိုင်တော့မလဲ။ဌာနဆိုင်ရာလူကြီးတွေကလည်း နားလည်ကြပါတယ်။ရတဲ့ဆီကလည်း မလောက်ဘူးဆိုတာ”ဟု ချောင်းဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့်နီး စပ်သူတစ်ဦးက ပြောသည်။

ဝန်ထမ်းများကို ရုံးပိတ်ရက်များတွင်လည်း ဆီမရောင်းပေးသဖြင့် လာဘ်ငွေရရှိသော ထွေအုပ်၊မြေစာ ရင်း၊လဝက၊အခွန်နှင့် ရဲ တို့ကလွဲ၍ အခြားဝန်ထမ်းများမှာ နေ့စဉ်ရုံးတက်ရန် မလွယ်ကြောင်း သိရသည်။

“ဗုဒ္ဓဟူးတစ်ရက် တရားဝင်ပိတ်ပေးလို့ ကျေးဇူးတင်ရတယ်။နေပြည်တော်က ပြောတဲ့ work from home ဆိုတာ ဝန်ထမ်းတွေက မီးလာမလာ၊ ဝိုင်ဖိုင်ကမရ၊ လက်တော့ဆိုတာလည်း ဝန်ထမ်းတိုင်း မှာ ရှိတာမဟုတ်ဘူးလေ။လူကြားကောင်းအောင် work from home ပြောတာ။ပြီးတော့ ရုံးအလုပ် တွေက အိမ်မှာလုပ်ရတဲ့အထိလည်း မများဘူး”ဟု သထုံမြို့၊ကျိုက္ကော်နေ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယနေ့(မတ်၂၆ရက်)မော်လမြိုင်မြို့စက်သုံးဆီရည်ညွှန်းဈေးမှာ ဓာတ်ဆီ(92)တစ်လီတာ ၃၇၆၅ကျပ်၊ ဓာတ်ဆီ(95)၃၉၉၅ကျပ်၊ ဒီဇယ် ၄၉၉၀ကျပ်နှင့် ပရီမီယံဒီဇယ် ၅၀၃၀ကျပ် ဖြစ်သည်။
စာတည်း-ML