ရာဇဝတ်ဂိုဏ်း စစ်အုပ်စုသည် အမည်ခံလွှတ်တော်အစည်းအဝေး ပြုလုပ်လျက်ပင် ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများအား တိုးမြှင့်ကျူးလွန်နေကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့- Blood Money က ထုတ်ပြန်လိုက်သည်။
အီရန်စစ်ပွဲကြောင့် လေယာဉ်ဆီအပါအဝင် စက်သုံးဆီအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် စစ်အုပ်စုက အရပ်ဘက်သုံး လေယာဉ်ဆီများကို အဓမ္မသိမ်းယူပြီး အရပ်သားများကို လေ ကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေခြင်းဖြစ်ကြောင်း ဆိုသည်။
“မှတ်မှတ်ရရ၊ မတ်လ၂၀ရက်ဆိုတာ တိုင်းနဲ့ပြည်နယ်မှာ သူတို့စစ်တပ်လွှတ်တော်ပေါ့လေ။အဲဒီ လွှတ်တော်အစည်းအဝေး ပြုလုပ်နေတဲ့အချိန်မှာပဲ ကသာမြို့က မဟာလေးထပ်ဘုန်းကြီးကျောင်း မှာ ဘုန်းကြီးတွေ ဆွမ်းစားနေချိန်မှာ ဗုံးကြဲချတာ ဘုန်းကြီးနဲ့ ပြည်သူ ၅၀ကျော် ဆုံးပါးခဲ့တယ်။ အခု စစ်တပ်ရဲ့ လုပ်ပေါက်က နိုင်ငံတကာမှာ တရားဝင်မှုရဖို့ အရပ်သားအစိုးရယောင်ဆောင်မယ်။ဒါပေမဲ့၊ တစ်ဖက်မှာလည်း ပြည်သူကို သတ်စရာရှိတာ ဆက်သတ်မယ်ဆိုတာမျိုးလို့ နားလည်ရပါတယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာရှိတစ်ဦးက MPAသို့ပြောသည်။
၂၀၂၆ မတ်လ တစ်လတည်းပင် အရပ်သား အနည်းဆုံး ၂၀ အစုအလိုက်အပြုံလိုက် သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ကလေးငယ်၊ အမျိုးသမီးနှင့် သံဃာတော် များအပါအဝင် လူဦးရေ ၂၀၀ ထက်မနည်း သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာ ရရှိခဲ့ ကြောင်း စစ် အုပ်စု အာဏာလုယက်ခဲ့သည့် ၅ နှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၆,၉၈၆ ကြိမ် ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးအပါအဝင် အရပ်သားပြည်သူ၄,၂၉၉ဦး ကို သတ်ဖြတ်ခဲ့ကြောင်း Blood Money က ထုတ်ပြန်သည်။
စစ်အုပ်စုသည် နိုင်ငံတကာ အစိုးရများက ချမှတ်ထားသော အရေးယူမှုများကို ကျော်လွန်ပြီး နိုင်ငံတ ကာမှ ၎င်းတို့ ဝယ်ယူရရှိထားသော လေယာဉ်ဆီများအပြင် အရပ်ဘက် လေကြောင်းလိုင်းများမှ လေ ယာဉ်ဆီများကိုပါ အဓမ္မလုယူကာ လေယာဉ်ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ယင်း လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာ အစိုးရများ၏ ထိရောက်သော အရေးယူမှု မရှိခြင်း နှင့် နိုင်ငံများအကြား ညှိနှိုင်းချမှတ်လုပ်ဆောင်ရမည့် ဒဏ်ခတ်ပိတ်ဆို့မှုများ လှစ်ဟာနေခြင်းကို မီးမောင်းထိုးပြနေကြောင်းလည်း ဆိုသည်။
အာဆီယံ၊ အီးယူ အပါအဝင် ယူကေနှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရတရပ်အနေဖြင့် လုံးဝ အသိအမှတ် မပြုရန်၊ အရပ်သားပြည်သူများအပေါ် ကျူးလွန် နေသော စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုများနှင့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရန် နိုင်ငံတကာအစိုးရ များအားလုံးအနေဖြင့် တစ်စုတစ်စည်းတည်း ပြစ်ဒဏ်ပေး အရေးယူရန်နှင့် စစ်အုပ်စု၏ နိုင်ငံတကာ ကုမ္ပဏီများက လေယာဉ်ဆီနှင့် ရေကြောင်းအာမခံဝန်ဆောင်မှုရရှိနေခြင်းကို နိုင်ငံများအကြား ညှိနှိုင်းချမှတ်ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့ရန် Blood Money က ထပ်လောင်းတောင်းဆို လိုက်သည်။
စာတည်း-ML
