ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်တပ်၏ လေကြောင်းရန်ကြောင့် လမ်းများ ယာယီပိတ်ထား ကြောင်း သိရသည်။
မတ်လ ၂၆ ရက်မှစ၍ မတူပီမြို့အဝင်အထွက်လမ်းပိုင်းများတွင် ကုန်တင်ယာဉ်များ သွားလာခြင်းကို ချင်းတော်လှန်ရေးတပ်များက ယာယီ ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်ပေးမည်ရက်ကို မသိသေးကြောင်း မတူပီမြို့သတင်းရင်းမြစ်ထံက သိရသည်။
” ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့ သိရပါတယ်။ လမ်းပိတ်ရတာက လေကြောင်းရန်ကြောင့်ပါ။ တောက်လျှောက် စစ်တပ်ကနေ လေကြောင်းကနေ ဗုံးကြဲနေတယ်။ ဒါကြောင့် မြို့အဝင်အထွက် တွေကို ကန့်သတ်လိုက်တဲ့ပုံစံဖြစ်ပါတယ်။ ကုန်ကားတွေ တောက်လျှောက်ဖြတ်နေတော့ လူအဝင်အ ထွက်တွေများတယ်။ စစ်တပ်သတင်းပေးတွေလည်း စိမ့်ဝင်လာနိုင်ခြေကိုလည်း ထည့်မတွက်လို့ မရ ဘူးဗျ။ နောက်ပြီး ကုန်ကားမောင်းသမားတွေ၊ ခရီးသွားတွေနဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအ တွက်ပါဗျ” ဟု ၎င်းက MPA ကို ပြောသည်။
မင်းတပ် – မတူပီလမ်းပိုင်းနှင့် မတူပီ – ပလက်ဝလမ်းပိုင်းတို့ကို ပိတ်လိုက်ခြင်းဖြစ်ပြီး လမ်းပိတ်ထားမှုကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုခက်ခဲသွားမည့်အပေါ် ဒေသခံတို့က စိုးရိမ်မှုရှိနေကြောင်း ၎င်းကပြောသည်။
” မတူပီမြို့နယ်ပြင်ပက ကုန်ကားတွေကို ဒေသတွင်းအားကိုးနေရတာ။ ခုကျ လမ်းပိုင်းပိတ်တော့ ကုန်စည်သယ်ယူပို့ဆောင်ရေး လုံးဝနီးပါးရပ်တန့်သွားတယ်။ ဒါက ရေရှည်ဆိုရင် ကုန်စျေးနှုန်းအ ဆမတန် တက်သွားနိုင်ခြေရှိတယ်။ မဟုတ်ရင်တောင် စက်သုံးဆီဈေးမြင့်နေလို့ ကုန်ဈေးနှုန်းက တက်နေတာ။ ခုကျ ပိုဆိုးတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လ ၁၇ရက်တွင် မတူပီမြို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၃ကြိမ် ပြုလုပ်ခဲ့ပြီး မတ်လ ၁၁ရက်ကလည်း မတူပီမြို့ပေါ် လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက် ခဲ့သေးသည်။
မတူပီမြို့ကို ၂၀၂၄ခု၊ ဇွန်လ ၂၉ ရက်တွင် ချင်းညီနောင် ( CB ) အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ယနေ့အထိ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သည်။
စာတည်း-ML
