ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် တရားမဝင်သော တပ်မတော်နေ့ အခမ်းအနား ပြုလုပ်နေစဉ် ရှော့တိုက်ဒုံး ၄လုံး အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ရက်၊ နံနက် ၇နာရီ ၅မိနစ်ခန့်တွင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)၌ တရားမဝင်သောတပ်မတော်နေ့အခမ်းအနားပြုလုပ်နေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး ပစ်ခတ်ခဲ့ရာ ၄လုံး အောင်မြင်ခဲ့ကြောင်း Brave Warriors For Myanmar – BWM က သတင်း ထုတ်ပြန်သည်။
” တပ်မတော်နေ့ အခမ်းအနား ကျင်းပရာ နေရာကို ဦးတည်ပစ်ခတ်ခဲ့တာပါ။ မနက် ၇ နာရီမှာ အခမ်းအနားရှိတယ် သတင်းရလို့ ၇ နာရီ ၅ မိနစ်မှာ ပစ်တာပါ။ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ် မှူးသင်တန်း အဓိကပေးနေတဲ့ အရာရှိသင်တန်းကျောင်းမှာ မဖြစ်မနေတပ်မတော်နေ့ ကျင်းပရပါ တယ်။ တန်းစီကွင်း ၂ လုံးကျတယ်။လက်နက်ကြီးကုန်း ၁လုံးကျတယ်။အဆောက်အအုံတွေဘက် တစ်လုံးကျပါတယ်။ အခမ်းအနားရော ပျက်သွား၊မသွားက ရဲဘော်တွေ safe ဖြစ်ပြီမို့ သတင်းစ ထောက်နေပါပြီ ” ဟု BWM မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ပစ်ခတ်မှုအပြီးတွင် ယင်းသင်တန်းကျောင်းမှ လက်နက်ကြီး ၈ လုံး ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း ၎င်းကပြောသည်။
” ကျနော်တို့ စစ်ရေးပစ်မှတ်ကြီး ၄နေရာရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ BWM mission တွေကို တစ်ပြိုင်နက်တည်း ဖော်ဆောင်ဖို့ ကြိုးစားပေမယ့် လုံခြုံရေး တင်းကျပ်ထားတာမို့ ကပ်မရဘဲ ဒီ တစ်နေရာပဲ လုပ်နိုင်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို BWM ၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces ( MKCDF )နှင့် Anti Coup People’s Liberation Force ( ACPLF ) တို့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့်ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၅ရက်ကလည်း BWM နှင့် မဟာမိတ်များသည် မကွေးလေတပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံး ပစ်သွင်းခဲ့သေးသည်။
စာတည်း-ML
