ပြည်သူမှ ပြည်သူသို့ အစီအမံဖြင့် ငလျင်ဒဏ်သင့် ပြည်သူများကို ကျပ်သန်း၆၀၀၀ကျော် ထောက်ပံ့ကူညီခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အား ရစ်ချ်တာစကေး ၇ဒဿမ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး တစ်နှစ်ပြည့်အဖြစ် NUGအစိုးရ၏ ယနေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားသည်။
NUGအစိုးရသည် ထိုစဉ်က ငလျင်ဘေးသင့်ပြည်သူများကို ကယ်ဆယ် ကူညီနိုင်ရန်အတွက် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ “ထိုးစစ်ခေတ္တရပ်စဲရေး” ကြေညာခဲ့ပြီး ပြည်သူမှ ပြည်သူသို့ အစီ အမံ ဖြင့် ငလျင်ဘေးအရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ပြည် တွင်း၊ပြည်ပ အလှူရှင်များနှင့် ချိတ်ဆက်ကာ မြို့နယ်ပေါင်း ၄၆ မြို့နယ်ရှိ အိမ်ထောင်စု ၂၀,၃၄၄ စုကို ငွေကျပ်သန်းပေါင်း ၆,၀၇၇ ခန့်ထောက်ပံ့ကူညီပေးခဲ့ ကြောင်း ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော နေအိမ်၊ လမ်းတံတား၊ ရေလှောင်တမံ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အခြေခံ အဆောက်အအုံများကို ပြုပြင်တည်ဆောက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန် လည်ထူထောင်ပေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပံ့ပိုးမှုများကို တစ်နှစ်တာကာလအတွင်း အလေးထားဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန် သည်။
အထူးသဖြင့် မတရားမှုနှင့် သဘာဝဘေးဒဏ် ၂ရပ်စလုံးကို ခါးစည်းခံနေရသော စစ်ကိုင်းတိုင်းအပါ အဝင် တော်လှန်ရေးနယ်မြေများရှိ ဘေးဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများ အချိန်မီရောက်ရှိနိုင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း များ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ဟန်ချက်ညီညီ ပူးပေါင်းကာ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်းလည်း ဆိုသည်။
စစ်အုပ်စုသည် နိုင်ငံတကာမှ ပေးပို့သော ရှာဖွေကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအ ညီများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်းနှင့် ဘေးသင့်ပြည်သူများအပေါ် ခွဲခြား ဖယ်ကြဉ်မှုများ ပြုလုပ်ခဲ့ ခြင်းတို့ကြောင့် အမှန်တကယ် အကူအညီလိုအပ်နေသူများစွာ ဒုက္ခရောက် ခဲ့ရသည့်အပြင် ငလျင် ဘေးကယ်ဆယ်ရေး ကာလအတွင်း၌ပင် စစ်အုပ်စု၏ လူမဆန်သော လေကြောင်း တိုက်ခိုက်မှု များကြောင့် ဘေးသင့်ပြည်သူများမှာ အတိဒုက္ခနှင့် ထပ်မံရင်ဆိုင်ခဲ့ရကြောင်းလည်း NUG အစိုးရက ထုတ်ပြန်သည်။
“ကျနော်တို့ မန္တလေးမြို့ပေါ်မှာတောင် UNအဖွဲ့တွေ ကူညီတာနဲ့ ပြည်သူ-ပြည်သူချင်း ကူညီတာကို ပဲ အဓိက ရခဲ့ပါတယ်။ငလျင်ထိတဲ့ တော်လှန်ရေးနယ်မြေက ပြည်သူတွေကို UN အဖွဲ့တွေ ဘာမှထိထိ ရောက်ရောက် မကူညီနိုင်ခဲ့ဘူး။စစ်တပ်က သဘောမတူတဲ့နယ်မြေကို UN လည်း မကူညီနိုင်ပါဘူး” ဟု မန္တလေးမြို့ခံ ငလျင်ဘေးသင့်ကူညီခဲ့သူတစ်ဦးက MPAသို့ပြောသည်။
ဖျက်အားပြင်းငလျင်ကြီးသည် နိုင်ငံသူ၊ နိုင်ငံသားများ ခေတ်ဆိုး၊ စနစ်ဆိုးများ ကြားမှ ရုန်းကန်နေရ သည့် အချိန်အတွင်း ကျရောက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူတို့၏ သောက ဗျာပါဒကို ပိုမိုကြီးထွားကာ နှစ်ထပ်ကွမ်း ဒုက္ခဖြစ်စေခဲ့ကြောင်းသို့သော် ဘေးဒုက္ခများကြားမှပင် တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူ ညီကြသော မြန်မာပြည်သူတို့၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ် နှင့် ခိုင်မာသော ဇွဲသတ္တိတို့သည် ညီညွတ်ရေး၏ ပြယုဂ် တစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကိုင်းငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်နှင့် ပဲခူးတိုင်းတို့တွင် ပြည်သူ ၄,၂၀၀ အသက် ဆုံးရှုံးခဲ့ရပြီး ၃,၆၈၁ ဦး ဒဏ်ရာရရှိကာ ၃၅၁ ဦး ပျောက်ဆုံးခဲ့သည့်အပြင် နေအိမ်ပေါင်း ၃,၄၀၀ ခန့်၊ ဘာသာရေးအဆောက် အအုံ ၃,၉၃၀ ခန့်နှင့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား အပါအဝင် အခြေခံအဆောက်အအုံပေါင်း ၆,၅၀၁ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။
စာတည်း-ML
