ရဲဘက်စခန်းများတွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများက အကျဉ်းသားများကို ကျွန်လိုခိုင်းစေပြီး သိန်းထောင်ချီရှာဖွေနေကြောင်းသိရသည်။
လက်ရှိ ရဲဘက်စခန်းများသည် ငရဲစခန်းများဖြစ်ပြီး နွားကြိမ်တို့ခိုင်းသကဲ့သို့ ခိုင်းစေကြသည့်အပြင် ထောင်ဝါဒါများသည် ၎င်းတို့၏ မိသားစုအတွင်း အဆင်မပြေမှုများရှိပါက အကျဉ်းသားများအပေါ် ရိုက်နှက်ဖြေဖျောက်လေ့ရှိသဖြင့် အကျဉ်းသားများမှာ ဝါဒါများ အိမ်နှင့်အဆင်ပြေကြပါစေဟုသာ မဆီမဆိုင် ဆုတောင်းပေးနေရကြောင်း လွတ်မြောက်လာသည့် အကျဉ်းသူ/သားများထံမှ သိရသည်။
“ထောင်ထဲမှာ အကျဉ်းသားအချင်းချင်း မတည့်အောင်၊ အဆင်မပြေအောင် လုပ်ထားတာ။ အကျဉ်းသားချင်း သတ်တဲ့အထိ ဖြစ်ကြတယ်။ သူတို့မွေးထားတဲ့ အကျဉ်းသားတွေကို လူကြီးခန့်ပြီး ပြန်အုပ်ချုပ်ခိုင်းတယ်။ အရှင်လတ်လတ် ငရဲရောက်နေရသလိုပဲ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
အကျဉ်းသားများသည် ရဲဘက်စခန်းများအတွင်း၌ ကျောက်ထု၊ ကြံခုတ်၊ ရာဘာခြစ်၊ စိုက်ပျိုးရေး စသည့်လုပ်ငန်းများကို ကျွန်များကဲ့သို့ အတင်းအဓမ္မ စေခိုင်းခြင်းခံနေရပြီး အဆိုပါလုပ်ငန်းများမှ အကျဉ်းဦးစီးဌာနသည် လစဉ် ကျပ်သိန်းထောင်နှင့်ချီကာ ဝင်ငွေရရှိနေကြောင်းလည်း သိရသည်။
အလုပ်ချိန်ကို နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တစ်ကြိမ် သတ်မှတ်ထားပြီး တနင်္ဂနွေတစ်ရက်သာ နားခွင့်ရသည်။ ဖျားနာသူများရှိပါကလည်း အကျဉ်းသားအချင်းချင်းသာ ဆေးကုသခိုင်းပြီး မနိုင်တော့သည့် အခြေအနေရောက်မှသာ ဆေးရုံတင်ခွင့်ရကြောင်း သိရသည်။
အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၏ လူမဆန်စွာ နှိပ်စက်မှုများအပြင် အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း အလွန်အားနည်းနေကာ မသေရုံတမယ်သာ နေထိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ပြောသည်။
“ရဲဘက်စခန်းတွေကို သူတို့ပို့တဲ့နှုန်းတွေက အခု သူတို့ထုတ်လုပ်ရေးစခန်းတွေ၊ အဓိကဝင်ငွေရမယ့် လမ်းကြောင်းတွေဖြစ်တဲ့ တခြားရာဇဝတ်အကျဉ်းသားတွေကို ပို့ဆောင်နေဆဲ ဖြစ်ပါတယ်။ ရဲဘက်စခန်းတွေရဲ့ သဘောသဘာဝက တခြားအကျဉ်းထောင်တွေထက် ပိုပြီးတော့ ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်ကြရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရရှိရန် ထောင်အာဏာပိုင်များကို လာဘ်ထိုးသည့်အနေဖြင့် ငွေပေးရခြင်းများရှိပြီး၊ ရဲဘက်စခန်းများသည် တောတောင်များအတွင်း ရှိနေသည့်အတွက် ရာသီဥတုဒဏ်နှင့် ငှက်ဖျားရောဂါများ ခံစားရသော်လည်း ကုသရန် ဆေးဝါးအလုံအလောက်မရှိဘဲ သေဆုံးရသည်အထိ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြသည်။
ရဲဘက်စခန်းများသည် လူသူအရောက်အလှမ်းဝေးသည့်အပြင်၊ ထောင်တွင်း အကျဉ်းသားအခွင့်အရေးကို နားမလည်ကြသည့်အတွက် ထောင်ဝန်ထမ်းများ၏ တရားမဲ့နှိပ်စက်သည့်ဒဏ်ကို ခံနေကြရကြောင်း ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
“အကျဉ်းသားအခွင့်အရေးဆိုတာ စာအုပ်ထဲမှာပဲ ရှိတာပါ။ ထောင်ဝါဒါတွေက သူတို့နဲ့ဆက်ဆံရေး အဆင်ပြေရင် ကောင်းတယ်။ လူ့အခွင့်အရေးဆိုတာလည်း ထောင်ထဲမှာမရှိဘူး။ သူတို့က အကျဉ်းသားတွေအပေါ် နှိပ်စက်ပိုင်ခွင့် လိုင်စင်ရထားတဲ့သူတွေ” ဟု ၎င်းက ပြောသည်။
အကျဉ်းသားများအနက် နာတာရှည်ရောဂါ ခံစားနေရသူများ၊ အသက် ၅၀ အထက်ရှိသူများ၊ ဆီးချိုနှင့် သွေးတိုးရောဂါရှိသူများလည်း ပါဝင်နေပြီး လုံးဝခိုင်းစေ၍ မရတော့သည့် အခြေအနေရောက်မှသာ အရပ်ဘက်အကျဉ်းထောင်များသို့ ပြန်လည်ပို့ဆောင်ခံရကြောင်းလည်း သိရသည်။
လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူများရှိကာ ကျောက်တုံးပိ၍ သေဆုံးခြင်း၊ အချင်းချင်းမကျေနပ်ပါက ရေနှစ်သတ်ခြင်းများ ရှိနေသော်လည်း ထောင်အာဏာပိုင်များက အပြင်သို့ သတင်းမထွက်စေရန် ဖုံးဖိထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်၌ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသားအခွင့်အရေးများ ရရှိခဲ့ကြသော်လည်း၊ လက်ရှိ စစ်ကော်မရှင်လက်ထက်တွင်မူ အကျဉ်းသားအခွင့်အရေးများ ဆုံးရှုံးကာ လုံးဝကွဲပြားခြားနားနေကြောင်း ပြန်လည်လွတ်မြောက်လာသူများက သုံးသပ်ပြောဆိုကြသည်။
ရဲဘက်စခန်းများတွင် လူ ၇၀ ဝန်းကျင်ရှိသည့် အခန်းထဲ၌ အကျဉ်းသားတစ်ဦးလျှင် တစ်ပေကျော်ခန့်သာရှိသည့် နေရာတွင် ကျဉ်းကျပ်စွာ နေထိုင်ကြရသဖြင့် အချင်းချင်း ရန်ဖြစ်မှုများရှိသလို၊ ကျောက်ပွေးရောဂါများ ကူးစက်ခံရမှုများလည်း ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရာဇဝတ်မှုဖြင့် အကျဉ်းကျခံနေရသူများသည် ရဲဘက်စခန်းများသို့ အများအပြား ပို့ဆောင်ခံခဲ့ရပြီး (အထူးသဖြင့်) ကျောက်ထုစခန်းများ၌ အကျဉ်းထောင်ဝန်ထမ်းများ၏ အကြမ်းဖက်နှိပ်စက်မှု အဆိုးဆုံးဟု သိရသည်။
ရဲဘက်စခန်းများအနက် လက်ရှိတွင် မန္တလေးတိုင်း ထုံးဖိုကျောက်ထုစခန်း၊ အမှတ် (၁) ကင်းသာ နေပြည်တော် တပ်ကုန်းကျောက်ထုစခန်းနှင့် ဖားအံကျောက်ထုစခန်းများတွင် အခြေအနေ အဆိုးဆုံးဖြစ်နေကြောင်း သိရသည်။
စာတည်း-ကိုဆန်း
ဓာတ်ပုံ-လူမှုကွန်ရက်
