တော်လှန်ရေးနဲ့ ထောက်ပို့နောက်ဆုံးခံစစ်စည်း

တူမီးနဲ့ စခဲ့တဲ့ တော်လှန်ရေးအစောပိုင်းကာလတွေမှာ လက်နက်ကိုင်တော်လှန်ကြသူများပြီးရင် ထောက်ပို့တပ်သားအင်အားနဲ့ ထောက်ပို့ငွေကြေးတွေဟာလည်း အင်မတန်အားတက်စရာ အခြေအနေတွေပါ။ ရှေ့တန်းလိုအပ်ချက်ဖြစ်တဲ့ တူမီး၊ မောင်းပြန်ကနေ နောက်တန်းလိုအပ်ချက်တွေဖြစ်တဲ့ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အထွေထွေအသုံးစရိတ်တွေအတွက် ထောက်ပို့ကဏ္ဍဟာ တာဝန်မပျက်ခဲ့ပါဘူး။

ဒါပေမဲ့ လက်ရှိ တော်လှန်ရေး ငါးနှစ်ကျော်ကြာလာတာနဲ့အမျှ ပြည်သူတွေဟာလည်း အထွေထွေအကျပ်အတည်းကြားမှာ ပင်ပန်းလာကြပါပြီ။ သို့သော် ပြည်သူတွေဟာ ဒီငါးနှစ်ကျော်ကို တောင့်ခံထားနိုင်ဆဲပါ။

အညာဒေသမှာဆိုရင် ဒေသခံပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေစရာ၊ အိပ်စရာ၊ စားစရာရယ်လို့ အတည်တကျမရှိတော့ပေမဲ့ တော်လှန်ရေးကိုတော့ တတ်နိုင်သမျှ ကူညီနေကြဆဲပါ။ တော်လှန်တဲ့စိတ်ဓာတ်က မာကျောနေကြဆဲပါ။

၂၀၂၂ ခုနှစ်ကာလတွေမှာ အညာဒေသခံတွေဟာ ကိုယ်မှာဝတ်ထားတဲ့ ရွှေတွေကို ချွတ်ပြီး တော်လှန်ရေးတပ်တွေကို ကူညီခဲ့တဲ့အထိ အဆင်ပြေခဲ့ကြပေမဲ့ လက်ရှိမှာတော့ စစ်ရှောင်ရတာ၊ လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ကြတာအပြင် ငွေကြေးအကျပ်အတည်းတွေကြောင့် အရင်ကလို ကူညီနိုင်တာမျိုးတွေ မရှိတော့ပါဘူး။

“ပြည်သူတွေက အရင်လိုငွေကြေးသာ မလှူနိုင်ကြတော့တာပဲ ရှိတယ်။ ဟင်းချက်စရာနဲ့ ရိက္ခာလောက်ကတော့ ထောက်ပံ့ပါသေးတယ်။ ပြည်သူတွေကလည်း တစ်ခါတစ်လေတော့ စိတ်ဓာတ်ကျတာတွေရှိတာပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်လိုက်တာနဲ့ စိတ်ဓာတ်တွေ ပြန်ပြီး တက်ကြွလာရော။ တိုက်ပွဲဖြစ်တာနဲ့ ဘာလိုအပ်လဲ၊ ထမင်းထုပ်ဘယ်လောက်လဲ ရွာတွေဘက်က လုပ်ပေးနေကြတုန်းပဲ” လို့ ပုလဲမြို့နယ်အတွင်းမှာ ထောက်ပို့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကိုမင်းမင်း (အမည်လွှဲ) က ပြောပါတယ်။

လက်ရှိ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီဂယက်က မြန်မာနိုင်ငံအထိ ရိုက်ခတ်လာပြီး လယ်ယာလုပ်ငန်းအပေါ်ကိုလည်း တိုက်ရိုက်သက်ရောက်လာပါတယ်။

လယ်ယာစိုက်ပျိုးရေးအများဆုံး လုပ်ကိုင်နေတဲ့ အညာဒေသဟာ စစ်ရေးအခြေအနေရှုပ်ထွေးနေတဲ့အပြင် စက်သုံးဆီအခက်အခဲကြောင့် အနည်းငယ်သာလုပ်ကိုင်နိုင်တော့တဲ့ လယ်ယာလုပ်ငန်းကလည်း ကျပ်တည်းလာပါပြီ။

” ပြည်သူတွေလည်း ကျပ်တည်းတော့ တော်လှန်ရေးကိုလည်း အရင်လို မကူညီနိုင်တော့မှာ စိုးမိတယ်” လို့ ကနီမြို့နယ်အတွင်း တောင်သူလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

အဲဒီလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နယ်မြေတွေက ပြည်သူတွေအနေနဲ့ အထွေထွေအကျပ်အတည်းတွေအပြင် စစ်ကော်မရှင်တပ်ရဲ့ တစ်ရစ်ချင်း တင်းကျပ်နေတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်နေကြရပြီး နေ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာတွေဟာလည်း ပိုပိုပြီး ခက်ခဲလာပါတယ်။

မြို့ပေါ်နေ ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ စားဝတ်နေရေးနဲ့ စစ်ကော်မရှင်တပ်ရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် စီးပွားရေးတွေကလည်း တစတစ ထိခိုက်လာပါပြီ။

အဆမတန်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ စီးပွားရေးအကျပ်အတည်း၊ စစ်ကော်မရှင်တပ်ရဲ့ ဖိနှိပ်မှု၊ မတရားပေါ်တာဆွဲဖမ်းဆီးမှု စတာတွေအပြင် မိမိတို့ရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအခြေအနေတွေကြောင့် စိတ်သွားတိုင်းကိုယ်မပါဆိုသလို ထောက်ပို့လုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် မလုပ်နိုင်ကြတော့ပါဘူး။

အဲဒီအတွက် ယခင်ကူညီခဲ့တဲ့ ပမာဏအောက် ထက်ဝက်ဝန်းကျင်သာ ကူညီနိုင်တော့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့ပေးနေတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“ကျွန်မက တော်လှန်ရေးတွေစကြတော့ နီးစပ်ရာ တပ်တွေကို ထောက်ပို့တယ်။ CDM တွေကို ကူညီတယ်။ အဲဒီတုန်းကဆို တစ်လကို သိန်း ၁၀၀ အကျော်မှာချည်းပဲ။ နောက်ပိုင်း မြို့ပေါ်ကလည်း ကုန်ဈေးနှုန်းရော၊ အလုပ်လုပ်ကြရတာ ကျပ်လာတာတွေရောနဲ့ တစ်လကို ဆယ်သိန်းတောင်မှ မရချင်တော့ဘူး။ အခုက လေးသိန်း၊ ငါးသိန်းအထိပဲ အများဆုံးရတော့တယ်” လို့ မတ်လအတွင်းမှာ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၅ ရက်မှာ စစ်ကော်မရှင်ထုတ်ပြန်တဲ့ ဘယ်ဆင်းကတ်နဲ့မဆို သုံးလို့မရနိုင်အောင် ဖုန်းကိုပိတ်ဆို့လာနိုင်တဲ့ CEIR (Central Equipment Identity Register) စနစ်ကလည်း ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကိုလည်း ထပ်မံပြီး ခြိမ်းခြောက်ပြန်ပါတယ်။

အဲဒီစနစ်ကြောင့် မြို့ကြီးတွေမှာ နေထိုင်ပြီး ထောက်ပို့လုပ်ငန်းလုပ်ကိုင်နေသူတွေရဲ့ e-Payment တွေကလည်း လုံခြုံရေးဆိုင်ရာတွေကလည်း ပိုမိုခက်ခဲလာပါပြီ။

အဲဒီလို အဘက်ဘက်က အကျပ်အတည်းတွေကြောင့် ပြည်တွင်းထဲက ကူညီထောက်ပံ့ပေးသူတွေက ငွေကြေးကူညီမှု သိသိသာသာလျော့နည်းလာတာကြောင့် ပြည်ပထောက်ပို့တွေကို အဓိကထားရပ်တည်နေရတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

“၂၀၂၁/၂၂ တုန်းကနဲ့ တကယ်ကို မတူတော့တာ အမှန်ပါပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စီးပွားရေးအကျပ်အတည်းတွေနဲ့ နပန်းလုံးနေရတာကို ကျွန်တော်တို့ တပ်ရင်းအနေနဲ့ အပြည့်အဝ နားလည်ပြီး ကိုယ်ချင်းစာပါတယ်။ ” လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

အရင် တူမီးတောင်မပြည့်စုံတဲ့အခြေအနေတွေကနေ လူထုရဲ့ အင်တိုက်အားတိုက် ထောက်ပံ့မှုနဲ့ မောင်းပြန်တွေ၊ ထိန်းချုပ်နယ်မြေတွေ ရှိလာပါပြီ။ ထိန်းချုပ်နယ်မြေတွေမှာ ရေရှည်တည်မြဲမယ့် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး စတဲ့ စနစ်သစ်တွေကို တည်ဆောက်ပြီး လူမှုဝန်ဆောင်မှုတွေကို ပြုလုပ်ရပါမယ်လို့ သူက ပြောပါသေးတယ်။

အဲဒီလို အချိန်တွေ ကြာလာတာနဲ့အမျှ ပြည်တွင်းသာမက ပြည်ပက ထောက်ပို့လုပ်ငန်းတွေမှာလည်း ရည်ရွယ်ထားတဲ့ ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းတွေ၊ ရိက္ခာ၊ ခဲယမ်းနဲ့ စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ရေးတွေမှာလည်း Target ပြည့်မီအောင် ကြိုးစားရတာတွေမှာ အခက်အခဲတွေ ကြုံတွေ့လာရပါတယ်။

“၂၀၂၃ လောက်အထိ ရန်ပုံငွေရှာဖွေရေးအပိုင်းမှာ လူထုအနေနဲ့ အားရဝမ်းသာစွာနဲ့ ပါဝင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ ရာခိုင်နှုန်းအရတွက်မယ်ဆိုရင် တဖြည်းဖြည်း ပြည်တွင်းတင် မဟုတ်ဘူး။ ပြည်ပမှာလည်း ထောက်ပို့မှုအားက တဖြည်းဖြည်းနဲ့ ပိုပြီးတော့ လိုချင်တဲ့ Target ရဖို့ကို အားစိုက်ထုတ်ရတယ်၊ ၂၀၂၅ မှာ ပိုပြီး သိသိသာသာ ဖြစ်လာတယ်။ ၂၀၂၅ ခုနှစ်မှာဆိုရင် ရန်ပုံငွေရှာတဲ့ကမ်ပိန်းတွေမှာ Target ပြည့်မီအောင် အတော်ကို Fundraiser တွေ အနေနဲ့ အရင်ကထက် နှစ်နှစ်ဆပိုပြီး အလုပ်လုပ်နေရတာမျိုးတွေ ရှိတယ်ဗျ” လို့ MFDMC ရဲ့ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုလွမ်းအိမ်က ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဘက်က ခက်ခဲမှုတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ တပ်စခန်းတွေမှာ ဆန်စပါးနဲ့ အသီးအနှံတွေစိုက်ပျိုးတာ၊ ကြက်၊ ဝက်၊ ငါး မွေးမြူတာတွေ လုပ်ဆောင်နေကြပြီး စားနပ်ရိက္ခာအတွက် တနိုင်တပိုင် ကြိုးစားနေကြပါတယ်။

“တပ်တွေအနေနဲ့ တနိုင်တပိုင် စိုက်ပျိုးရေး လုပ်သင့်တယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ထောက်ခံပါတယ်။ ဒါဟာ ရွေးချယ်စရာ မဟုတ်တော့ဘဲ ရေရှည်ရပ်တည်ရေးအတွက် မဟာဗျူဟာမြောက် လိုအပ်ချက် ဖြစ်လာပါပြီ။ ” လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် (၃၀) – ADPRA (ပြန်ကြားရေးကော်မတီ) ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ဟင်းသီးဟင်းရွက် စိုက်တာ၊ ကြက်၊ ဝက် မွေးတာမျိုးတွေဟာ ရိက္ခာဘတ်ဂျက်ကို ၅၀ရာခိုင်နှုန်း ထက်မက လျော့ကျစေပါတယ်။ ကိုယ်တိုင်လည်း စိုက်မယ်၊ စားမယ်၊ ပြည်သူ့ကိုလည်း တတ်နိုင်သလောက် ပြန်ကူညီပြီး ပြည်သူနဲ့ လက်တွဲကာအ ဆုံးထိ သွားမယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ်အခြေစိုက် KPDF တပ်ဖွဲ့ဝင်အချို့ကတော့ ထောက်ပို့ပိုင်းဆိုင်ရာ အခြေအနေတွေက နယ်မြေအခြေအနေ၊ စီးပွားရေးအခြေအနေတွေကြောင့် ပြည်သူလူထုရဲ့ ထောက်ပို့ပါဝင်မှုက အရင်ကထက် လျော့နည်းလာပေမဲ့ အချို့သော ပြည်သူတွေကတော့ ဆက်လက်ပါဝင်နေတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ နယ်မြေ အနေအထားကကျ ထောက်ပို့ကိုချည်းမဟုတ်ဘဲနဲ့ အခြားရင်းမြစ်တွေကိုလည်း မှီခိုနေတာဆိုတော့ ဘဏ္ဍာရေးအကျပ်အတည်းက အရမ်းဖြစ်မလာတာ။ အခြားရင်းမြစ်ဆိုတာက အသေးစား အလတ်စားလုပ်ငန်းပေါ့ဗျာ။ တချို့ဟာတွေက ပြည်သူတွေက ကူညီပေးတဲ့ လုပ်ငန်းတွေရှိတယ်၊ အဲဒါကိုပြောတာ။ အဲဒီတော့ ပြည်သူလည်း ဝန်လျော့သလို ကျွန်တော်တို့ဘက်ကလည်း အကျပ်အတည်း မဖြစ်တော့ဘူး နှစ်ဖက်အဆင်ပြေတယ်ပေါ့လေ” လို့ အဆိုပါ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမြေပြင်မှာ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခတွေကို လက်နက်နဲ့ ဖြေရှင်းနေကြတာကလည်း ပြည်သူတွေရဲ့ ထောက်ပို့ပါဝင်မှုအပြင် ယုံကြည်မှုကိုလည်း အားနည်းလာစေပါတယ်။

“ထောက်ပို့အားနည်းလာတာတော့ အကြောင်းအမျိုးမျိုးရှိပေမဲ့ ဒီကာလမှာ မိတ်ဖက်ပဋိပက္ခတွေကို လက်နက်နဲ့ဖြေရှင်းနေတာကလည်း ထောက်ပို့အားနည်းသွားစေတဲ့အချက်လို့ မြင်ပါတယ်။ ဒါကို ဆင်ခြင်ရင်တော့ အကောင်းဆုံးပါပဲ။ ” လို့ ပြည်မြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုသက်နှင်းအောင် က မှတ်ချက်ပြုပါတယ်။

အခုလို ထောက်ပို့တွေအားနည်းလာချိန်မှာ COC တစ်ခုတည်းဖြစ်ဖို့ဆိုပြီး ကျန်တဲ့အဖွဲ့တွေမလှူနဲ့ NUG ရဲ့ PRF ကိုပဲလှူပါဆိုတာတွေကြောင့် အခြားတော်လှန်ရေးတပ်တွေ ရပ်တည်ဖို့ အခက်အခဲရှိလာနိုင်တယ်လို့ ကိုသက်နှင်းအောင်က ထောက်ပြပါတယ်။

တော်လှန်ရေးလုပ်တဲ့အခါ ပြည်ပရောက်ထောက်ပို့တွေရဲ့ ထောက်ပံ့တာကို မှီခိုရပေမယ့် အဓိကကတော့ ပြည်တွင်းလူထုကို မှီခိုရတာပါ။ အဲ့ဒါတွေကြောင့် ပြည်သူကို အလုပ်အကျွေးပြုပြီး ပြည်သူသာအမိ ပြည်သူသာအဖလို့ ခံယူထားမှ ရေရှည်စစ်ပွဲမှာ တော်လှန်ရေးတပ်တွေ ဆက်လက်ရပ်တည်နိုင်မယ်လို့ ကိုသက်နှင်းအောင်က သူ့အမြင်ကို ပြောပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ တစ်ခု၊ တပ်ရင်းပေါင်း ၃၆၀ ရင်းအပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကို တိုင်း/ပြည်နယ် ၁၁ ဖွဲ့၊ ခရိုင်ပကဖ ၅၄ ဖွဲ့၊ မြို့နယ်ပကဖ ၂၁၂ ဖွဲ့၊ စုစုပေါင်း ၂၇၇ ဖွဲ့ ကို ကွပ်ကဲမှုရယူထားပြီးဖြစ်တယ်လို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလ ငါးနှစ်ကျော်ကြာလာပေမဲ့ NUG ရဲ့ ထောက်ပံ့မှု မရတဲ့ Local တပ်ဖွဲ့တွေအပြင် NUG MOD ရဲ့ ကွပ်ကဲမှုအောက်က တပ်ရင်းတွေကလည်း ဘဏ္ဍာရေး၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းအသုံးစရိတ်တွေအတွက် ရုန်းကန်နေကြရဆဲပါ။

“လက်နက်နဲ့ စီးပွားရှာတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမယ်။ ဒီအချက်ဟာ တပ်ရင်းတစ်ရင်းရဲ့ ဂုဏ်သိက္ခာအတွက် အသက်သွေးကြောပါ။ ဒေသခံတောင်သူတွေနဲ့ ပူးပေါင်းညှိနှိုင်းမှုတွေ လုပ်ဆောင်ရပြီး လူမှုစီးပွားစနစ်သစ်တစ်ခုကို ဖန်တီးရပါမယ်။ တပ်ရင်းတွေအနေနဲ့ လက်နက်ရှိသလို ပေါက်တူးလည်း ရှိရမယ်” လို့ ယင်းမာပင်ခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုလိုက်ပါတယ်။

စာတည်း-ကိုဆန်း