အင်ဒိုနီးရှားအရှေ့ပိုင်းတွင် ပြင်းအား ၇.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အရှေ့တောင်အာရှနှင့် ဂျပန်တို့အတွက် ဆူနာမီသတိပေးချက်ထုတ်ပြန်

Reuters, AFP

အင်ဒိုနီးရှားနိုင်ငံ၏ တာနေးလ် (Ternate) ကျွန်းစုအနီး မြောက်ဘက် မိုလုက္ကာ (Molucca) ပင်လယ်ပြင်တွင် ဧပြီလ ၂ ရက်နေ့ အစောပိုင်းက ပြင်းအား ၇.၄ အဆင့်ရှိ အင်အားပြင်းပင်လယ်ပြင်ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) က ထုတ်ပြန်ခဲ့ပြီး အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများအတွက်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်ပြီးနောက် ပြင်းအား ၅ အဆင့်အထိရှိသော နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ခဲ့ကြောင်း သိရပြီး အင်ဒိုနီးရှားမိုးလေဝသနှင့် ဇလဗေဒဌာန (BMKG) က ဟယ်လ်မာဟီရာ (West Halmahera) အနောက်ပိုင်းတွင် ၀.၃ မီတာအမြင့်ရှိပြီး ဘီတွန်း (Bitung) တွင် ၀.၂ မီတာအမြင့်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မာနာဒို (Manado) ဒေသတွင် အဆောက်အအုံအပျက်အစီးများအတွင်း ပိမိခြင်းကြောင့် လူတစ်ဦးသေဆုံးသွားကြောင်း အင်ဒိုနီးရှားအသံလွှင့်ဌာန Metro TV က ဖော်ပြခဲ့သည်။

“ငလျင်က မာနာဒိုတစ်ဝိုက်မှာ အပြင်းအထန် ခံစားခဲ့ရပါတယ်… တစ်ဦးသေဆုံးပြီး တစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာရခဲ့ပါတယ်” ဟု အရာရှိတစ်ဦးဖြစ်သူ ဂျော့ဂ်ျလီယိုမာစီရန်ဒန်းက AFP သတင်းဌာနသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

သေဆုံးသူမှာ ပြိုကျသွားသည့် အဆောက်အအုံ၏ အပျက်အစီးများအောက်တွင် ပိမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သမိုင်းဝင်ကျွန်းစုများဖြစ်သော တာနေးလ်နှင့် တီဒိုး (Tidore) အပါအဝင် အချို့မြို့ကြီးများရှိ ဒေသန္တရအစိုးရများက ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ရေးအတွက်တိုက်တွန်းထားသည်။

အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၈ မိနစ်တွင် မိုလုက္ကာပင်လယ်အတွင်း အနက် ၃၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း USGS က ဆိုသည်။ ငလျင်ဗဟိုချက်မှာ လူဦးရေ နှစ်သိန်းကျော်ရှိသည့် မြောက်မာလူကူပြည်နယ်၊ တာနေးလ်မြို့နှင့် ၁၂၀ ကီလိုမီတာခန့် အကွာတွင် တည်ရှိသည်။

ဟာဝိုင်ယီအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာက ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁,၀၀၀ အတွင်းရှိ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှား ကမ်းရိုးတန်းတစ်လျှောက်တွင် အန္တရာယ်ရှိသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဒီရေအမြင့် ၀.၃ မီတာမှ ၁ မီတာအထိ မြင့်သောလှိုင်းများသည် အင်ဒိုနီးရှားကမ်းရိုးတန်းအချို့ကို ရိုက်ခတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် ဂူအမ်၊ ဂျပန်၊ မလေးရှား၊ ပါပူဝါနယူးဂီနီ၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်ကမ်းရိုးတန်းများတွင်လည်း ၀.၃ မီတာအောက်လျော့နည်းသော လှိုင်းများ လာရောက်နိုင်ကြောင်း သတိပေးထားသည်။

သို့သော် ဖိလစ်ပိုင်ငလျင်နှင့် မီးတောင်ဗေဒဌာန (Phivolcs) က နောက်ဆုံးရရှိသော အချက်အလက်များအရ ၎င်းတို့နိုင်ငံအတွက် “ဖျက်အားပြင်းဆူနာမီအန္တရာယ်” မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

မလေးရှားမိုးလေဝသဌာနကလည်း လက်ရှိတွင် မလေးရှားအတွက် ဆူနာမီအန္တရာယ် မရှိသေးသော်လည်း အခြေအနေကို စောင့်ကြည့်နေကြောင်း Facebook မှတစ်ဆင့် အသိပေးထားသည်။

ဂျပန်နိုင်ငံတွင် ၀.၂ မီတာအထိ မြင့်သောလှိုင်းများ မြင်တွေ့ရနိုင်သော်လည်း ထိခိုက်ပျက်စီးမှုရှိမည်ဟု မမျှော်လင့်ကြောင်း ဂျပန်မိုးလေဝသဌာနက ဆိုသည်။

မြောက်ဆူလာဝေစီပြည်နယ်၊ မာနာဒိုမြို့ရှိ AFP သတင်းထောက်တစ်ဦးက ငလျင်လှုပ်ခတ်မှုကြောင့် မြို့နေလူထုမှာ လန့်နိုးလာပြီး အပြင်သို့ ပြေးထွက်ခဲ့ကြကြောင်း ပြောသည်။
“ကျွန်တော် ချက်ချင်းနိုးလာပြီး အိမ်ပြင်ထွက်ခဲ့တယ်။ လူတွေလည်း အပြင်ကို ပြေးထွက်ကုန်ကြပြီ။ ကျောင်းသားလေးတွေလည်း ကျောင်းအပြင်ကို အလုအယက် ပြေးထွက်လာကြတယ်” ဟု ၎င်းက ဆိုသည်။ ငလျင်လှုပ်ခတ်မှုမှာ တော်တော်လေး ကြာမြင့်ခဲ့သော်လည်း ကြီးကြီးမားမား ပျက်စီးမှုမျိုး မတွေ့ရသေးကြောင်း ၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မြေပြင်ချပ်များ ထိစပ်နေပြီး ငလျင်လှုပ်ခတ်မှု အလွန်များပြားသည့် ပစိဖိတ်မီးဝိုင်း (Pacific Ring of Fire) ဒေသအတွင်း တည်ရှိနေသည်။