မင်းအောင်လှိုင် အကြမ်းဖက်သမ္မတဖြစ်ရန် အမည်ခံလွှတ်တော်တွင်း ကြိုးပမ်းနေစဉ် လူတင်မကစက်များပါ စက်သုံးဆီရရှိရေးအတွက် တန်းစီနေကြရကြောင်း သိရသည်။
မတ်လ၃၀ရက်မှစတင်ကာ မွန်ပြည်နယ်၊ပေါင်မြို့နယ်အတွင်း ဥယျာဉ်ခြံစိုက်ပျိုးသူများကို တစ်ပတ် လျှင် တစ်ကြိမ် ဓာတ်ဆီ တစ်သောင်းဖိုး ရောင်းချပေးနေပြီး လုပ်ငန်းသုံးရေစုပ်စက်နှင့် မီးစက်များပါ စက်သုံးဆီဆိုင်သို့ ယူဆောင်ပြရသဖြင့် စက်များလည်း တန်းစီနေကြရကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။
“၃၀ရက်နေ့က ပေါင်က ဝရဇိန်သတင်းဌာနကနေ ဓာတ်ပုံနဲ့တကွ တင်လိုက်လို့ စက်တွေပါ တန်းစီရ တာတော်တော်သိသွားကြတယ်။ ဒါပေမဲ့၊ပေါင်မှာပဲ စက်တွေအတွက် မဖြစ်စလောက် ဆီပေးတာပါ။ ကျနော်တို့ မော်လမြိုင်၊ကျိုက်မရော၊ချောင်းဆုံ မှာ ဥယျာဉ်ခြံတွေအတွက် ဆီမပေးဘူး”ဟု ၎င်းက MPAသို့ပြောသည်။
တစ်သောင်းဖိုးသော ဓာတ်ဆီပမာဏသည် တစ်နာရီကျော်ကြာ ရေစုပ်စက်မောင်းလျှင် ကုန်ကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်ဟု ပေါင်အခြေစိုက် ဝရဇိန်သတင်းဌာနက ဖော်ပြသည်။
“ကျနော်တို့ချောင်းဆုံမှာဆိုလည်း ဥယျာဉ်ခြံတွေများတယ်။ဘာဆီမှ မရဘူး။ကားနဲ့ဆိုင်ကယ်ပဲ ပေး တယ်။ဘာပဲဖြစ်ဖြစ် ပေါင်မှာ တောင်သူတွေ နည်းနည်းရတာတော့ မရတာထက်စာရင် တော်သေး တာပေါ့”ဟု ချောင်းဆုံမြို့နယ်၊ပလိုင်ဝမ်းရွာသားတစ်ဦးက ပြောသည်။
တရားမဝင် မွန်ပြည်နယ်အစိုးရတွင် စက်သုံးဆီပေးဝေမှုနှင့်ပတ်သက်ပြီး ဒေသတွင်း တပြေးညီပေါ် လစီမရှိသဖြင့် မြို့နယ်အလိုက် အဆင်ပြေသလို လုပ်နေကြကြောင်း သိရသည်။
“စိုက်ပျိုးရေးသမားတွေဆီရဖို့ဆိုတာ ထွေအုပ်မှာ ထောက်ခံစာယူရသေးတယ်။ပေါင်မှာတောင် ဆီ နည်းနည်းပဲရလို့ အပင်တွေသေတာပဲ။တခြားမြို့နယ်တွေဆိုလည်း မှောင်ခိုဈေးနဲ့ ဆီမဝယ်နိုင်တော့ သေကြတာပဲ”ဟု မော်လမြိုင်မြို့ခံလူမှုကူညီရေးသမားက ပြောသည်။
မတ်လ၃၁ရက်မှ စတင်ကာ မွန်ပြည်နယ်အတွင်း ဆိုင်ကယ်များကို တစ်သောင်း၊ သုံးဘီး/အိုးဝေ ၂သောင်းနှင့် အိမ်စီးကားများကို ၇သောင်းဖိုး စုံမစနစ်အတိုင်း တိုးမြှင့်ရောင်းချပေးနေကြောင်း ဒေသ တွင်း စစ်ကော်မရှင်လော်ဘီ မြင့်စိုးက ၎င်း၏ ဖေ့စ်ဘွတ်ခ်ပေါ် ဖော်ပြထားသည်။
ဧပြီ၂ရက်၊ မော်လမြိုင် စက်သုံးဆီ တစ်လီတာ ရည်ညွှန်းဈေးမှာ ဓာတ်ဆီ 92 ၄၈၂၅ကျပ်၊ ဓာတ်ဆီ95 ၅၁၉၅ကျပ်၊ ဒီဇယ် ၆၃၉၅ကျပ်နှင့် ဒီဇယ်(ပရီမီယံ)၆၄၂၀ ကျပ် ဖြစ်သည်။
စာတည်း-ML
