၂ နှစ်ခွဲကျော် လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုကြောင့် ကလေး ၅၅၀ ခန့် သေဆုံးခဲ့ဟုဆို

ဓာတ်ပုံ- Wai Hun Aung
ပုံစာ-စက်တင်ဘာ၁၂ရက်က ကျောက်တော်မြို့နယ်၊သရက်တပင်ရွာ ဗုံးကြဲခံရပြီးနောက် သေဆုံး ကလေးများ၏မိဘများ ဝမ်းနည်းပူဆွေးနေကြပုံ။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုကြောင့် ၂ နှစ်ခွဲကျော်ကာလအတွင်း အသက်မပြည့်သေးသည့်ကလေး ၅၅၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်အထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၅၄၆ ဦးသေဆုံးခဲ့ပြီး ၈၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“စစ်ပွဲအတွင်းမှာ ကလေးငယ်တွေနဲ့ပတ်သက်လို့ နိုင်ငံတကာက ကန့်သတ်တားမြစ်၊ ကာကွယ်ပေး ထားတဲ့ ဥပဒေတွေရှိနေပေမဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဒါတွေကိုပြောင်ပြောင်တင်းတင်းပဲ ဆက်တိုက်ကျူးလွန်ချိုးဖောက်နေပါတယ်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။

အနီးစပ်ဆုံးဖြစ်စဉ်အနေနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်း တည့်တည့်သို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ခြင်းကြောင့် ကျောင်းသားကျောင်းသူ အယောက် ၂၀ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

“မထူးဇာတ်ခင်းနေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နှလုံးသားမှာရော သူတို့ရဲ့ သိမှုထဲမှာပါ ကလေးတွေ၊သက် ကြီးရွယ်အိုတွေ၊အမျိုးသမီးတွေ၊ ဘုန်းကြီးတွေဆိုတာ မရှိဘူး။သူတို့သိတာက ပြည်သူမပေးတဲ့ အာဏာကို ဘယ်နည်းနဲ့ရရ၊ရဖို့ပဲ။အဲဒီအတွက် သူတို့ကိုယ်သူတို့ကလွဲ ဘယ်သူ့ကိုမဆို သတ်ရဲ တယ်”ဟု ရန်ကုန် အခြေစိုက် တော်လှန်သော ကဗျာဆရာတစ်ဦးက MPA သို့ပြောသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သက်သေမှတ်တမ်းများနှင့် စာရင်းပြုစုထားချက်အရ ၂၀၂၁ နွေဦးတော်လှန်ရေးအစမှ ၂၀၂၅ ဩဂုတ်လ ၃၁ ရက်အထိ စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်များ၌ အသက် ၁၈ နှစ်အောက်ကလေးငယ် ၅၀၇ ဦး သေဆုံးခဲ့ကြောင်း
စစ်အုပ်စုသည် ၂၀၂၅၊ ဩဂုတ်လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၂၂ ကြိမ် အထိပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၅ ဦးအထိသေဆုံးခဲ့ကာ ယင်းအထဲ၌ အသက် ၁၈ နှစ်အောက် ကလေး ၃၉ ဦးပါဝင်ကြောင်း သိရသည်။

အပြစ်မဲ့သေဆုံးခဲ့ရသည့် ကလေးငယ်များအပါအဝင် နိုင်ငံတစ်ဝန်း စစ်အုပ်စုကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာဥပဒေများနှင့်အညီ အပြစ်ပေးအရေးယူခံရနိုင်ရန် NUG၊လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်နေကြောင်းလည်း ထုတ်ပြန်ထားသည်။