ဩစတြေးလျပါလီမန်၏ မြန်မာ့အရေး အစီရင်ခံစာထွက်ပေါ် ၊ စစ်ကော်မရှင်ကို အသိအမှတ်မပြုဘဲ NUG နှင့် ပူးပေါင်းရန် တောင်းဆို

ဩစတြေးလျလွှတ်တော်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီက မြန်မာစစ်ကော်မရှင်အပေါ် ဖိအားပေးမှုများ တိုးမြှင့်ရန် အချက် ၁၁ ချက်ပါဝင်သော အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီရင်ခံစာတွင် စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ ရလဒ်ကို အပြတ်အသတ်ငြင်းပယ်ရန်နှင့် စစ်ကော်မရှင်ထိန်းချုပ်ထားသော ဗဟိုဘဏ်အပါအဝင် ဘဏ်များကို ဒဏ်ခတ်ပိတ်ဆို့ရန် တိုက်တွန်းထားသည်။

နိုင်ငံတကာဆက်ဆံရေးလေ့လာသူတစ်ဦးက “ဩစတြေးလျလွှတ်တော်က အခုလို တိတိကျကျ တောင်းဆိုလာတာဟာ စစ်ကော်မရှင်ရဲ့ ငွေကြောကို ဖြတ်တောက်ဖို့ ကြိုးစားတာဖြစ်သလို၊ ဩစတြေးလျရဲ့ မြန်မာ့အရေးမူဝါဒဟာ အရင်ကထက်စာရင် အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ လမ်းစဉ်အတိုင်း ပိုမိုပြတ်သားလာတာကို တွေ့ရတယ်” ဟု သုံးသပ်သည်။

အစီရင်ခံစာပါ အချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှု ၃၂ ကြိမ်အထိ ရှိခဲ့ကြောင်း ဖော်ပြထားရာ ဤအချက်သည် ကမ္ဘာ့နိုင်ငံများအနေဖြင့် လက်တွေ့ကျကျ အရေးယူရန် အချိန်တန်ပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်ကော်မရှင်ဟာ Paramotor တွေ (စက်တပ်လေထီး) သုံးပြီး စာသင်ကျောင်းတွေနဲ့ ဘာသာရေးပွဲတော်တွေကိုတောင် ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ ဩစတြေးလျအစိုးရအနေနဲ့ လေယာဉ်ဆီဖြတ်တောက်ဖို့ အကြံပြုချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်” ဟု တောင်းဆိုသည်။

ထို့ပြင် အစီရင်ခံစာ၌ စစ်ကော်မရှင်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာပြည်ပရောက် အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားခြင်းမှာလည်း သံတမန်ရေးအရ အရေးပါသော လမ်းညွှန်ချက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ့အရေး လေ့လာသူအချို့ကမူ ဩစတြေးလျအစိုးရအနေဖြင့် ဤလွှတ်တော်အကြံပြုချက်များကို အချိန်ဆွဲခြင်းမရှိဘဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ထောက်ပြကြသည်။ “အစီရင်ခံစာက ကောင်းပေမယ့် လက်တွေ့လုပ်ဆောင်မှု (Action) က ပိုအရေးကြီးပါတယ်။ စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲကို အသုံးချပြီး သူတို့ကိုယ်သူတို့ တရားဝင်အောင် လုပ်ဖို့ ကြိုးစားနေဦးမှာပဲ” ဟု ဆိုသည်။

အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် အိန္ဒိယနယ်စပ်ရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန်နှင့် မြန်မာဒုက္ခသည်များအတွက် ပညာရေးနှင့် အလုပ်အကိုင်ဗီဇာ အခွင့်အလမ်းများ ပိုမိုပေးရန် အကြံပြုထားသည်။

အာဆီယံအပြင် အိန္ဒိယကဲ့သို့ ဒေသတွင်းအင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းကာ မြန်မာ့အရေးကို ဖြေရှင်းရန် အစီရင်ခံစာတွင် တိုက်တွန်းထားပြီး ၊ မြန်မာ့ပဋိပက္ခသည် ဒေသတွင်းလုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီဖြစ်ကြောင်း ဩစတြေးလျလွှတ်တော်က ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု ပညာရှင်များက မြင်ကြသည်။

“ဒါဟာ မြန်မာ့အရေးကို လူသားချင်းစာနာမှု သက်သက်တင်မဟုတ်ဘဲ မဟာဗျူဟာမြောက် စိန်ခေါ်မှုအဖြစ် ဩစတြေးလျက ရှုမြင်လာတာကို ပြနေတာပါ” ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဩစတြေးလျရှိ မြန်မာအသိုက်အဝန်းနှင့် တက်ကြွလှုပ်ရှားသူများက ဤအစီရင်ခံစာပါ အကြံပြုချက်များအား အစိုးရက အမြန်ဆုံး အသက်ဝင်စေရန်အတွက် ဖိအားပေး လှုပ်ရှားမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြသည်။

ဩစတြေးလျလွှတ်တော်၏ အစီရင်ခံစာသည် မြန်မာစစ်ကော်မရှင်အပေါ် နိုင်ငံတကာ၏ ဖယ်ကြဉ်မှု ပိုမိုအားကောင်းလာစေရန် တွန်းအားတစ်ခုဖြစ်ပြီး၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုအတွက် အရေးကြီးသော သံတမန်ရေးရာ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

စာတည်း-ကိုဆန်း