မုံရွာမြို့ထိပ်တွင် ငွေတောင်းရမ်းနေသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - မုံရွာခရိုင်အမှတ် ၄တပ်ရင်း၊ တပ်ခွဲ ၂ (5/Commando Force)
ပုံစာ - ဖြတ်သန်းသွားလာသည့် ကားများကို စစ်သား များ ငွေတောင်းနေစဉ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ထိပ်တွင် ငွေတောင်းရမ်းနေသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ၈နာရီခွဲခန့်တွင်မုံရွာမှ ချောင်းဦးဘက်သို့အထွက် မုံရွာ-မန္တလေးလမ်းမကြီးတစ်နေရာ၌ မုံရွာမြို့အဝင်၊ မအူဂိတ်မှ ထွက်လာပြီး ဖြတ်သန်းသွားလာသော ကားများကို ငွေတောင်းရမ်းနေသည့် စစ်သားများအားမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၂ (5/Commando Force) က သတင်းထုတ်ပြန်သည်။

” မအူအထိုင်ကနေ လာတာပါဗျ။ သူတို့က နှစ်ခုခွဲတာပေါ့။ ဘယ်လိုလဲဆိုတော့ မအူဂိတ်ရဲ့ တောင်ဘက်မှာ စွမ်းရည်ထက်ဆိုတဲ့ ဂိတ်ရှိတယ်။ တစ်ဝက်ဆီလာတာ။ တံတားက ဆုံမှတ်ပေါ့။ တံတားထိကို မအူကနေ ကင်းယူပေးထားတာပေါ့။ တံတားထိကို အ‌ယောက် ၇၀လောက်ရှိတယ်ဗျ။ စွမ်းရည်ထက်ကနေ ကင်းယူတာက ၂၀ကျော်ဗျ။ မအူကလာတဲ့ ကင်းပုန်းကို ဆွဲတာပါ။ ရှေ့ထွက်ပြောင်းနဲ့ ချိန်ထားတာ တစ်လလောက်ရှိပြီ။ ဒါကို ချိန်ထားတာ။ ရှေ့ထွက်ပြောင်းကြီး ငါးလုံးပါမယ်ဗျ” ဟု မုံရွာခရိုင်အမှတ် ၄တပ်ရင်း၊ တပ်ခွဲ ၂ (5/Commando Force)၊ တပ်ခွဲမှူးက MPA သို့ပြောသည်။

ယင်းစစ်သားများသည် ၎င်းတို့သောက်စားရန်အတွက် ယခုကဲ့သို့ လမ်းပေါ်တက်ကာ ငွေတောင်းရမ်းခြင်းဖြစ်ကြောင်း သိရသည်။

” မအူဂိတ်ကနေ တစ်ခါကောက်ပြီဗျာ။ ကောက်ပြီးပြီကို ဒါက ငွေညှစ်တာပေါ့။ သူတို့ သောက်ဖို့စားဖို့ငွေညှစ်တာ။ အဲ့ဒီကိုကျော်သွားရင် မအူဂိတ်ကိုရောက်ပြီဗျာ။ မုံရွာမြို့ကို ဝင်ပြီလေ။ အဲ့ကျလည်း တစ်ခါပေးရတယ်။ သူတို့က လမ်းပိုင်း ကြားပေါက်ကောက်တာပေါ့ဗျာ။ သူတို့သောက်ဖို့ စားဖို့အတွက်ရှာတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ပြီး မအူစစ်ဆေးရေးဂိတ်ထဲသို့ ဝင်သွားကြောင်းသိရသည်။

” အဲ့ထဲဝင်သွားတာက ကျနော်တို့ မြင်လိုက်တာက ၆ယောက်။ ၆ယောက်ကို ၂ကောင်ကထောက်လို့မရလို့ ၄ကောင်ပဲ အတည်ပြုထားတာဗျ” ဟု ၎င်းကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာနှင့် မုံရွာမြို့အဝင်၊ မအူစစ်ဆေးရေးဂိတ်သည် မီတာ ၅၀၀ဝန်းကျင်သာ ဝေးကြောင်းသိရသည်။

စစ်သားများသေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်၌ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာတွင် စစ်သားများက ဖြတ်သန်းသွားလာသည့် ပြည်သူများကို သေနတ်ထောက် မိုင်းရှင်းခိုင်းခဲ့ရာ မိုင်း ၅ ပွိုင့်သိမ်းဆည်းခံလိုက်ရ‌ကြောင်းသိရသည်။