မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ကင်းပတ်ထွက်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံး ခဲ့ကြောင်း သိရသည်။
ဧပြီ ၆ရက်၊ ညနေ ၅နာရီ မိနစ် ၅၀ခန့်က ပခုက္ကူမြို့အထွက်ရှိ စက်မှုဇုန်ဂိတ်ကို သွားရောက်တိုက်ခိုက်ရန် ထွက်လာစဉ် ကင်းပတ်ထွက်လာသည့် စစ်သား ၆ဦးအား တွေ့ရှိကာ လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်သား ၂ဦးလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂ (မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ – M.R.G) က ယနေ့ ( ဧပြီ ၇ရက် ) ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။
” တိုက်ပွဲကတော့ ဂိတ်ကိုသွားပစ်တာ မရောက်ခင်တင် တိုက်ပွဲဖြစ်သွားတာပေါ့နော်။ မထင်ထားဘဲ ကိုယ်တွေက အရင်တွေ့ပြီး လက်ဦးမှုရယူခဲ့တာပါ။ ၄ယောက်သေတာကတော့ မျက်စိနဲ့မြင်တာပါ။ ကိုယ့်ရှေ့တင်သေတာပေါ့နော်။ လွတ်သွားတဲ့ ၂ယောက်ကလည်း ဒဏ်ရာတွေနဲ့ ပြေးသွားတာပါ။ အနီးကပ်ပစ်တာတောင် ချက်ချင်းမသေတာက သူတို့ ကျည်ကာတွေ အရမ်းကောင်းလို့ပါ” ဟု မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် စက်မှုဇုန် ၆လမ်းဂိတ်မှ ၆၀မမ၊ ၄၀မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့သော်လည်း PDFရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကာ MA3 သေနတ်၂ လက်နှင့် MA1 တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
” မနေ့ညနေကတော့ ပတ်ဝန်းကျင်ကို အင်အား ၅၀လောက်နဲ့ မေးမြန်းတာတွေ၊ စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းနေ့ညနေပိုင်းတွင်ပင် သေဆုံးစစ်သားတို့၏အလောင်းများကို ပြန်ကောက်သွားကြောင်း သိရသည်။
ပခုက္ကူမြို့၊ စက်မှုဇုန်ဂိတ်ကို စစ်သားအင်အား ၃၀ ခန့်ဖြင့် အမြဲအထိုင်ချထားလေ့ရှိပြီး လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်နှိပ်စက်လေ့ရှိကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
