ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာတွင် အရပ်ဝတ်နှင့် သေနတ်လွယ်ကာ ထွက်လာသော စစ်သားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ဧပြီ ၆ရက်၊ ညနေပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ဂေါက်ကွင်းလမ်းနှင့် ရွာလမ်းမကြီး ဆုံရာ နေရာတွင် အရပ်ဝတ်ဖြင့် ထွက်လာသော စစ်သားတစ်ဦးကို KIA၊ KPDF ပူးပေါင်းတပ်များက ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့ သတင်းရင်းမြစ်ထံက သိရသည်။
” လုံးခင်းမှာ ဂေါက်ကွင်းရှိတဲ့ဘက်ခြမ်းမှာ KIA နဲ့ KPDFတွေ နေရာယူထားပြီး လုံးခင်း မိန်းလမ်းမကြီးနဲ့ တံတားဟောင်း နေရာအထိ စစ်တပ်ဘက်က နေရာယူထားတာ။ အရပ်ဝတ်နဲ့ စစ်သားထွက်လာတော့ လှမ်းပစ်ကြတာ။ သေနတ်ကို တော်လှန်ရေးဘက်က သိမ်းသွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာထဲရှိ ဒေသခံပြည်သူများသည် အပြင်မထွက်ရဲကြတော့သလို ယင်းရွာလမ်းမကြီးဘေးရှိ ဈေးဆိုင်အချို့လည်း ပိတ်ထားကြောင်း သိရသည်။
” ဒီနေ့(ဧပြီ၇ရက်) တစ်နေကုန်ကို အပြင်ကိုမထွက်ရဲတာ။ စစ်သားတွေ အလောင်းလာကောက်တုန်း စျေးရောင်းစျေးဝယ်တွေကို မြန်မြန်ဝယ်ပြီး ပြန်ခိုင်းတယ်တဲ့။ တခုခု ထပ်ဖြစ်မှာစိုးလို့ ဘယ်သူမှ အပြင်မထွက်ကြဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ဧပြီ ၆ ရက်၊ မွန်းလွဲပိုင်းတွင်လည်း စစ်တပ်က လုံးခင်းရွာ၊ ရွှေမှော်တည်းခိုခန်းနားတွင် ဒေသခံပြည် သူ နှစ်ဦးကို ပစ်သတ်ခဲ့ရာ အလောင်း ပြန်မကောက်နိုင်သေးသဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အ လက်များကို မသိရသေးပေ။
လုံးခင်းရွာသည် ဖားကန့်မြို့နှင့် ၇မိုင်ခန့်အကွာတွင် တည်ရှိသည်။
ဧပြီ ၂ရက်၌ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သော ဖားကန့်တိုက်ပွဲများတွင် KIA KPDF ပူးပေါင်းတပ်များက စစ်တပ်စခန်း ၆ ခုကို သိမ်းပိုက်ထားပြီး ဒေသတွင်းစစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
