အစ္စရေးနှင့် လက်ဘနွန်တို့သည် လာမည့်သီတင်းပတ်တွင် ဝါရှင်တန်ဒီစီ၌ ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဧပြီလ ၉ ရက်နေ့က အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း မတ်လအစောပိုင်းက စတင်ပါဝင်လာပြီးနောက်ပိုင်း အစ္စရေးက လက်ဘနွန်ကို ဧပြီ ၈ ရက်က အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့သည်။
အမေရိကန်နှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူပြီး ၄၈ နာရီ မပြည့်သေးမီ ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုကြောင့် အဆိုပါသဘောတူညီချက်အပေါ် စိုးရိမ်မှုများ ရှိလာခဲ့သည်။
“အစ္စရေးနဲ့ လက်ဘနွန်တို့အကြား လက်ရှိလုပ်ဆောင်နေတဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေကို ဆွေးနွေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက လာမည့်သီတင်းပတ်မှာ အစည်းအဝေးတစ်ရပ် လက်ခံကျင်းပသွားမှာဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်” ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန် ဖိအားပေးနိုင်ရေးအတွက် လက်ဘနွန်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ရန် ၎င်း၏ဝန်ကြီးများကို ဧပြီ၉ ရက် အစောပိုင်းက ညွှန်ကြားထားခဲ့သည်။
သို့သော် လက်ဘနွန်တစ်ဝန်း သေဆုံးမှုများပြားခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး တစ်ရက်အကြာတွင် လက်ဘနွန် အစိုးရအနေဖြင့် အစ္စရေးနှင့် မည်သည့်ဆွေးနွေးမှုမျိုးမဆို မစတင်မီ အပစ်အခတ်ရပ်စဲရေးကို အရင်လိုအပ်ကြောင်း လက်ဘနွန်အစိုးရအရာရှိတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
“လက်ဘနွန်ဟာ ဆွေးနွေးပွဲတွေမစခင် အပစ်အခတ်ရပ်စဲရေးကို အလိုရှိပါတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါအရာရှိက ဆိုသည်။
အစ္စရေး၏ ဗုံးကြဲမှုများကြောင့် အနည်းဆုံး လူပေါင်း ၃၀၃ ဦး သေဆုံးပြီး ၁,၁၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အာဏာပိုင်များက ဧပြီ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
အစ္စရေးစစ်ဦးစီးချုပ် အီယေးလ် ဇာမာက ဧပြီ ၉ ရက်နေ့တွင် လက်ဘနွန်နိုင်ငံအတွင်းရှိ မြေပြင်တပ်ဖွဲ့များထံ သွားရောက်ခဲ့ပြီး ယမန်နေ့က တိုက်ခိုက်မှုများကြောင့် ဟစ်ဇ်ဘိုလာတို့ “အကြီးအကျယ် ထိုးနှက်ခံလိုက်ရပြီ” ဟု ၎င်း၏တပ်ဖွဲ့များကို ပြောကြားခဲ့သည်။
လက်ဘနွန်အစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းရန် နေတန်ယာဟု၏ ညွှန်ကြားချက်သည် ဟစ်ဇ်ဘိုလာကို လက်နက်ဖြုတ်သိမ်းရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးအပေါ် အဓိကအာရုံစိုက်ထားကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသော်လည်း လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်မည်ဟု ပြောကြားထားခြင်းမရှိပေ။
