ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမည်ခံ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် မင်းအောင်လှိုင်က ၎င်း၏ ပထမဆုံး မိန့်ခွန်းကို ပြောကြားရာ၌ NLD အစိုးရဟောင်းအား ဝေဖန်ပုတ်ခတ်ခဲ့ပြီး ၎င်း၏ အာဏာသိမ်းယူမှုကို ဂုဏ်သိက္ခာရှိသော လုပ်ရပ်အဖြစ် ပုံဖော်ပြောဆိုသွားခဲ့သည်။
မင်းအောင်လှိုင်က ၎င်းအား ပြည်သူအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် ပြည်သူ့ဆန္ဒကို လေးစားစွာဖြင့် နိုင်ငံတော်တာဝန်ကို ကြေပွန်အောင် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဦးစွာ ပြောကြားခဲ့သည်။
မိန့်ခွန်းအတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားရာတွင် ထိုစဉ်က အာဏာရပါတီ (NLD) သည် ရုပ်ဆိုးအကျည်းတန်သော မဲမသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပုတ်ခတ်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲသည် တရားမျှတခြင်းမရှိဘဲ ဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေသည့် မရိုးသားသော နိုင်ငံရေးလုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ၎င်းက ဆက်လက်စွပ်စွဲခဲ့သည်။
တပ်မတော်အနေဖြင့် အဆိုပါ မဲမသမာမှုများကို အေးချမ်းစွာ ဖြေရှင်းနိုင်ရန် နိုင်ငံရေးပါတီများ၊ ပြည်သူ့ဆန္ဒနှင့်အညီ အဆင့်ဆင့် ညှိနှိုင်းမေတ္တာရပ်ခံခဲ့သော်လည်း NLD အစိုးရဘက်က လျစ်လျူရှုခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် မဲမသမာမှုများကို ဖြေရှင်းခြင်းမပြုဘဲ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲရလဒ်ဖြင့် လွှတ်တော်ခေါ်ယူကာ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းခဲ့သည့်အတွက် တပ်မတော်က အာဏာလွှဲပြောင်းယူခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ကာကွယ်ပြောဆိုခဲ့သည်။
၎င်း၏ အာဏာသိမ်းယူမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဂုဏ်သိက္ခာရှိသော ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များသည် မဲပေးပိုင်ခွင့်ရှိသူများ၏ သန့်ရှင်းစွာ ရွေးချယ်ခံရသူများဖြစ်သည့်အတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ ပြန်လည်ပေါ်ထွန်းလာကာ ဒီမိုကရေစီစနစ်ကို ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်အခြေချပြီး ပိုမိုကောင်းမွန်သည့် အနာဂတ်သို့ လျှောက်လှမ်းနေပြီဖြစ်၍ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာလာအောင် ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။
သို့သော်လည်း အစိုးရသစ်အတွက် ရှေ့တွင် စိန်ခေါ်မှုများစွာ ရှိနေသည်ကို သိရှိထားပြီး ကမ္ဘာ့အရေးနှင့် မြန်မာ့အရေး နယ်ပယ်ပေါင်းစုံရှိ အခက်အခဲများကို ပြည်သူနှင့်အတူ လက်တွဲကျော်လွှားသွားမည်ဟု မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့်မူ မင်းအောင်လှိုင်၏ မိန့်ခွန်းပါ အာဏာရယူမှုအပေါ် ဂုဏ်သိက္ခာရှိသည်ဟု ပြောဆိုချက်နှင့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် စွပ်စွဲချက်များအပေါ် ဝေဖန်မှုများ ရှိနေကြသည်။
