ပေါ်တာကြောက်သဖြင့် ထိုင်းရောက် မွန်လူငယ်များ သင်္ကြန်ပြန်သူ ရှား

ဓာတ်ပုံ - ချောင်းဆုံ ပြန်ဆက်
ပုံစာ- ချောင်းဆုံ သင်္ကြန်။(ပုံဟောင်း)

စစ်မှုထမ်းအတွက် ပေါ်တာဆွဲမည်ကို ကြောက်သဖြင့် ထိုင်းမှနေ၍ သင်္ကြန်ကာလ ဇာတိပြန်ကြသည့် မွန်လူငယ် မရှိသလောက်ရှားကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ လူငယ်အများစုမှာ အဓမ္မစစ်မှုထမ်းဥပဒေ စတင်အသက်ဝင်သည့် ၂၀၂၄ခုနှစ်၊ ဧပြီမှစ၍ ပြည်ပနိုင်ငံများသို့ လမ်းကြောင်းအသီးသီးမှ ထွက်ခွာခဲ့ကြပြီး ၂၀၂၅ခုနှစ်ရောယခုနှစ် သင်္ကြန်နားနီးကာလတွင်ပါ ပေါ်တာဆွဲခံရမည်ကို ကြောက်သဖြင့် နေရပ်မပြန်ကြကြောင်း ဒေသခံအ ချို့ထံက သိရသည်။

“အာဏာသိမ်းပြီးကတည်းက ထိုင်း၊မလေး တောက်လျှောက်ထွက်ကြတာ။၂၀၂၄ စစ်မှုထမ်းဥပဒေ ထွက်လာတော့ အောက်လမ်းတွေကနေ ထွက်တယ်။များသောအားဖြင့် ကျနော်တို့ဆီက ထိုင်းထွက် တဲ့သူ များတယ်။သင်္ကြန်ပြန်ရင် မြဝတီနဲ့ ဘုရားသုံးဆူကနေ ပြန်ကြတယ်။မနှစ်တုန်းကလည်း အာရှ လမ်းမှာ တိုက်ပွဲတွေချည်းပဲ ဆိုတော့ လူကြီးတွေတောင် မပြန်ကြဘူး။ဒီနှစ်လည်း လူငယ်မပြောနဲ့၊ လူကြီးတွေလည်း ပြန်တာနည်းတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ ပြောသည်။

မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသော လူငယ် အလွန်များပြားပြီး မော်လမြိုင်၊ကျိုက် မရော၊ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့မှ လူငယ်များ ပြန်လာကြသည်ဟု လုံးဝမကြားမိကြောင်း ၎င်းက ဆိုသည်။

“ထိုင်းကပြန်လာတဲ့သူတွေကို စစ်တပ်ဂိတ်တွေက ငွေအရမ်းညှစ်တယ်။လူကြီးတွေကိုတောင် ထိုင်း ကနေ သင်္ကြန်ပြန်လာမှန်းသိရင် ငွေပါလာမှန်းသိလို့ နင်းကန်တောင်းတာ။လူငယ်ဆိုရင်တော့ စစ်မှု ထမ်းအကြောင်းပြပြီး ပိုညှစ်လို့ကောင်းတာပေါ့။ကျနော်တို့သထုံဘက်လည်း လူငယ်တွေ ပြန်မလာ ကြဘူး”ဟု သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးက ပြောသည်။

ကိုဗစ်မဖြစ်မီ NLDအစိုးရလက်ထက်က ယခုလို သင်္ကြန်နားနီးကာလတွင် မဲဆောက်မှ မြဝတီသို့ ကူး သည့် တံတား၌ လူတိုးမပေါက်သည်အထိ အိမ်ပြန်သူ များကြကြောင်း ဘန်ကောက်တွင် ကာလရှည် အလုပ်လုပ်နေသည့် ချောင်းဆုံသားတစ်ဦးက ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ဧပြီ၁၀ရက်မှစတင်ကာ နာမည်ကျော် ဘုရားပွဲများ စတင်ပြီဖြစ်ပြီး ယခင့်ယ ခင် စည်ကားမှု၏ ၂၅ရာခိုင်နှုန်းခန့်သာ ဘုရားပွဲလာကြကြောင်း ချောင်းဆုံမြို့နယ်၊မုရစ်ကြီးရွာသူ တစ်ဦး ကပြောသည်။

“ဆီ(စက်သုံးဆီ)မရှိတာရော၊ ထိုင်းကနေ ပြန်လာတဲ့သူ မရှိတာရောပေါ့။လူငယ်မပြောနဲ့၊လူကြီးတွေ တောင် မပြန်ဘူး။ မနေ့က ဘုရားပွဲ လူတော်တော်နည်းတယ်”ဟု ၎င်းက ပြောသည်။

သင်္ကြန်ကာလ ချောင်းဆုံဘုရားပွဲများသည် ဒေသတွင်း၌ နာမည်ကျော်ကြားပြီး ဧပြီ၁၀ရက်က ချောင်းဆုံမြို့နယ်၊ကုလားတို့ရွာဘုရားပွဲ စတင်ကျင်းပပြီဖြစ်သည်။