မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များ ဝင်ရောက် တိုက်ခိုက် ခဲ့ရာ စစ်သား၈ဦးသေဆုံးကြောင်းသိရသည်။
ဧပြီ ၁၀ရက်၊ နံနက် ၅နာရီခန့်တွင် စေတုတ္တရာမြို့နယ်၊ ငဖဲ-စေတုတ္တရာကားလမ်းပေါ်တွင် အင်အား ၃၀ကျော်ဖြင့် တပ်စွဲထားသည့် ကင်ပွန်းခြုံဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၂နာရီခွဲခန့် ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဒဏ်ရာရသူလည်း များကြောင်း Chin Defence Force – Asho က သတင်းထုတ်ပြန်သည်။
” မသိမ်းနိုင်ခဲ့ပါဘူး။ ၂နာရီခွဲနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီးတော့မှ အဲ့ဒီအချိန်တွင်းမှာတော့ ရန်သူစိုးမိုးထား တဲ့နေရာ ကုန်းတွေကိုတော့ ဘုန်းကြီးကျောင်းအပါအဝင် ဓမ္မာရုံတွေ၊ ကုန်းတွေကိုတော့ တစ်ဝက်နီး ပါးတော့ သိမ်းနိုင်တယ်ဆိုပေမဲ့ အကုန်လုံးကိုတော့ နယ်မြေရှင်းလင်းရေးမလုပ်နိုင်ခဲ့ပါဘူး” ဟု Chin Defence Force – Asho ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း စေတုတ္တရာအခြေစိုက် ကပစ ၂၀မှ စစ်ကူလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ ကြောင်း သိရသည်။
” တပ်ကူစစ်ကားတန်း လာတဲ့အတွက် စစ်ကားနဲ့လည်း ထိတွေ့မှုအနည်းငယ် ကျနော်တို့ဖြစ်ခဲ့ပါ သေးတယ်။ တပ်ကူလာပြီးတဲ့နောက်မှာ ကျနော်တို့ ပြန်လည်ဆုတ်ခွာလာခဲ့တာဖြစ်ပါတယ်။ တိုက် ပွဲတွင်း ထွက်ပြေးတာလည်း ရှိပေမယ့် တပ်ကူကား တန်းလာနိုင်တာမို့ အခုတော့ အင်အား တိုးပြီး တပ်စွဲထားဆဲပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် MA1 သေနတ် တစ်လက်၊ ကာဘိုင်သေနတ် ၂လက်နှင့် ခဲယမ်းအချို့သိမ်း ဆည်း ရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Chin Defence Force – Asho၊ လူ့ဘောင်သစ်တပ်မတော် NSA၊ PRA – Magway၊ မင်းဘူးခရိုင်အမှတ် ၈တပ်ရင်းနှင့် ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
