မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျရောက်တော့မည့် အချိန်တွင် အာဆီယံအဖွဲ့ကြီးက မြန်မာတို့၏ ရိုးရာမုန့်တစ်ခုဖြစ်သော မုန့်လုံးရေပေါ် အကြောင်းကို Facebook စာမျက်နှာ၌ တကူးတက အမွှန်းတင်ကာ ယနေ့(ဧပြီ ၁၂ရက်)တွင် ဖော်ပြခဲ့သည်။
ဤသို့ ဖော်ပြလာခြင်းသည် ယဉ်ကျေးမှုအရ ဂုဏ်ပြုခြင်းဟု ဆိုနိုင်သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများကို ဖြေရှင်းရန် ပျက်ကွက်နေသည့် အာဆီယံ၏ ရပ်တည်ချက်အပေါ် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်နေသည်။
အာဆီယံ၏ ထုတ်ပြန်ချက်တွင် မုန့်လုံးရေပေါ်ကို မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်နှင့် ခွဲခြား၍မရသော အစားအစာတစ်ခုအဖြစ် ဖော်ပြထားပြီး၊ ယင်းမုန့်သည် စည်းလုံးညီညွတ်ခြင်းနှင့် စတုဒိသာအလှူအတန်းကို ဖော်ဆောင်သည့် သင်္ကေတတစ်ခုဖြစ်ကြောင်း ချီးမွမ်းထားသည်။
“ကျွန်တော်တို့ ပြည်သူတွေ သွေးမြေကျနေတာကိုကျတော့ အာဆီယံက မသိချင်ယောင်ဆောင်နေပြီး အခုမှ လာပြီး မုန့်လုံးရေပေါ်အကြောင်း အမွှန်းတင်ပြနေတာကတော့ တကယ်ကို အဓိပ္ပာယ်မရှိတာပဲဗျာ။ ကျွန်တော်တို့က သူတို့ပြောတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို ဘယ်တော့လက်တွေ့လုပ်မလဲဆိုတာပဲ သိချင်တာ။ အခုတော့ စာရွက်ပေါ်မှာပဲ အချိန်ဆွဲနေပြီး အပေါ်ယံ အလှအပလေးတွေ လာပြနေတာကတော့ ကျွန်တော်တို့ကို လှောင်နေသလိုပဲ။” ဟု အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံက ဦးဆောင်ကြိုးပမ်းခဲ့သော်လည်း ယနေ့ထက်တိုင် မြေပြင်တွင် ထိရောက်သည့် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသေးသည်ကို တွေ့မြင်ရသည်။
အထူးသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားသေဆုံးမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများပြားလာသည့် ကိစ္စရပ်များတွင် အာဆီယံ၏ အခန်းကဏ္ဍမှာ အပြောသာရှိပြီး အလုပ်မပါသည့် အဖွဲ့အစည်းအဖြစ် ရှုမြင်ခံနေရသည်။
သင်္ကြန်စာ မုန့်လုံးရေပေါ်ကို အမွှန်းတင်ပြသနေသည့် အာဆီယံ၏ လုပ်ရပ်သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှန်ကို လျစ်လျူရှုကာ အပေါ်ယံ ယဉ်ကျေးမှုဆိုင်ရာ ပြကွက်များဖြင့်သာ အာရုံပြောင်းနေသကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်မှုများလည်းထွက်ပေါ်နေသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်သည် စာရွက်ပေါ်တွင်သာ ရှိနေပြီး စစ်တပ်က ယင်းအချက်များကို လိုက်နာခြင်း မရှိဘဲ အကြမ်းဖက်မှုများကို ဆက်လက်လုပ်ဆောင်နေသော်လည်း အာဆီယံအနေဖြင့် ခိုင်မာသည့် အရေးယူဆောင်ရွက်မှုမျိုး တစ်ခါမျှ မပြုလုပ်ခဲ့ဖူးပေ။
မြန်မာ့အရေးသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံး ပြဿနာဖြစ်သော်လည်း အာဆီယံ ခေါင်းဆောင်များသည် ထိရောက်သော ဖိအားပေးမှုများထက် ဆွေးနွေးပွဲများဖြင့်သာ အချိန်ဆွဲနေခဲ့ကြသည်။
မုန့်လုံးရေပေါ်၏ အနှစ်သာရမှာ စည်းလုံးခြင်းဖြစ်သော်လည်း အာဆီယံအတွင်း၌ပင် မြန်မာ့အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေခြင်းက ၎င်းတို့ ချီးမွမ်းနေသည့် အနှစ်သာရနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး အဖွဲ့ဝင်နိုင်ငံအချို့က စစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်းက အာဆီယံ၏ ဂုဏ်သိက္ခာကို ပိုမိုကျဆင်းစေကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
“တကယ်တော့ အာဆီယံအနေနဲ့ ယဉ်ကျေးမှုအရ ဂုဏ်ပြုတယ်ဆိုတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ပျက်ကွက်နေတာကတော့ တကယ့်ကို မေးခွန်းထုတ်စရာကြီး ဖြစ်နေပြီဗျ။ အခုလို မုန့်လုံးရေပေါ်အကြောင်းကို တကူးတက အမွှန်းတင်ဖို့ ကြိုးစားနေသလိုမျိုးပဲ၊ မြန်မာ့အရေးကိုလည်း တကယ်ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အာဆီယံမှာ တာဝန်ရှိတယ်ဆိုတာကို မမေ့သင့်ဘူးလို့ မြင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
ပြည်သူများ လိုလားနေသည်မှာ အာဆီယံ၏ အပေါ်ယံ အလှအပ ဖော်ပြချက်များ မဟုတ်ဘဲ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် လက်တွေ့ကျသော ကူညီဆောင်ရွက်မှုများသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စာတည်း-ကိုဆန်း
