အတုအယောင် သမ္မတ မင်းအောင်လှိုင်သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် ဒီမိုကရေစီစာမျက်နှာသစ်ဖွင့်လှစ်ခြင်း၊ ငြိမ်းချမ်းရေးတံခါးဖွင့်ထားခြင်းနှင့် စီးပွားရေးမြှင့်တင်ခြင်း စသည့်အချက်များကို ထည့်သွင်း အတုအယောင် ဟန်ပြမိန့်ခွန်းပြောကြားခဲ့သည်။
မင်းအောင်လှိုင်က ၎င်းဦးဆောင်သည့် အစိုးရသစ်သည် ပြည်သူတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးမည်ဟု ဆိုသော်လည်း၊ လက်တွေ့တွင်မူ နိုင်ငံတစ်ဝှမ်း၌ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အဓမ္မစုဆောင်းခြင်းနှင့် မြို့ပြပြည်သူများအပေါ် ငွေညှစ်ဖိအားပေးမှုများကသာ ကြီးစိုးနေကြောင်း မြို့ပြနေထိုင်သူများက ဆိုသည်။
စစ်မှုထမ်းရန် မဲပေါက်သူများမှာ ငွေကြေးသိန်းချီ ကုန်ကျခံကာ ရှောင်တိမ်းနေရသလို၊ အခြေခံလူတန်းစားများမှာလည်း လစဉ် “စစ်မှုထမ်းကြေး” အမည်တပ်ထားသည့် အဓမ္မကောက်ခံမှုများကို ခါးစည်းခံနေရသည်။
မိန့်ခွန်းအတွင်း ဒီမိုကရေစီနိုင်ငံတော်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီ ဟု ဆိုထားခြင်းအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “ဒါဟာ ကိုယ့်ကိုယ်ကိုယ် အရောင်တင်နေတာပဲ ဖြစ်တယ်။ ပြည်သူ့ဆန္ဒနဲ့ လုံးဝကင်းကွာနေတဲ့ ရွေးကောက်ပွဲအတုကို အခြေခံပြီး တက်လာတဲ့ အစိုးရဟာ ဘယ်လိုမှ တရားဝင်မှုမရှိသလို၊ စာမျက်နှာသစ်မဟုတ်ဘဲ အာဏာရှင်စနစ်ဟောင်းကို အရောင်သစ်တင်လိုက်တာပဲ” ဟု သုံးသပ်သည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မင်းအောင်လှိုင်က လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းထားသော်လည်း၊ မြေပြင်တွင်မူ စစ်ကောင်စီတပ်များသည် အရပ်သားကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်းနှင့် မီးလောင်တိုက်သွင်းခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေဆဲဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကပင် ပခုက္ကူနှင့် အခြားနယ်မြေအသီးသီး၌ ရွာလုံးကျွတ် မီးရှို့ခံရမှုများ ရှိနေခြင်းက မိန့်ခွန်းပါ ငြိမ်းချမ်းရေးစကားများကို လှောင်ပြောင်နေသကဲ့သို့ ရှိနေသည်။
တက်ကြွလှုပ်ရှားသူများကမူ မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးတံခါး ဟူသည်မှာ တော်လှန်ရေးအင်အားစုများကို အညံ့ခံခိုင်းခြင်းသာဖြစ်ပြီး၊ အမှန်တကယ် ဆွေးနွေးလိုစိတ်မရှိကြောင်း ထောက်ပြကြသည်။
“ကိုယ့်ပြည်သူကို သတ်ဖြတ်နေပြီးမှ ငြိမ်းချမ်းရေးအကြောင်း ပြောနေတာဟာ သွေးစွန်းနေတဲ့ လက်နဲ့ မေတ္တာစာရေးပြနေတာနဲ့ အတူတူပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
စီးပွားရေးကဏ္ဍတွင် MSMEs လုပ်ငန်းများကို အားပေးမည်ဟု မိန့်ခွန်း၌ ပါရှိသော်လည်း၊ လက်တွေ့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးမရရှိမှုနှင့် ဒေါ်လာဈေးမတည်ငြိမ်မှုတို့ကြောင့် အသေးစားလုပ်ငန်းရှင်အများစုမှာ လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
“မီးကလည်း မလာ၊ ကုန်ကြမ်းဈေးကလည်း တက်၊ အခွန်ကလည်း အမျိုးမျိုးဆောင်နေရတာ၊ ဘယ်လိုလုပ် စီးပွားရေးက တက်မှာလဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ညည်းတွားသည်။
ထို့အပြင် မိန့်ခွန်းတွင် ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် ဟု ဆိုကာ စည်းလုံးညီညွတ်ကြရန် တိုက်တွန်းထားခြင်းသည် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတကာ၏ ဖိအားနှင့် ပိတ်ဆို့မှုများကို ရင်ဆိုင်နေရချိန်တွင် ပြည်သူလူထုကို ဝါဒဖြန့်ကာ ခုတုံးလုပ်လိုသည့် သဘောဖြစ်ကြောင်း လေ့လာသူများက ရှုမြင်ကြသည်။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို မြှင့်တင်မည်ဟု ဆိုသော်လည်း တော်လှန်ရေးနှင့် ဆက်စပ်သည့် ဆရာ၊ ဆရာမများနှင့် ဆရာဝန်များကို ဖမ်းဆီးထောင်ချခြင်း၊ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်းတို့က မင်းအောင်လှိုင်၏ ပညာရေးအပေါ် ထားရှိသည့် သဘောထားအစစ်အမှန်ကို ဖော်ပြနေသည်။
“ပညာတတ်တွေ ထောင်ထဲရောက်နေပြီးမှ ပညာရေးအကြောင်း ပြောနေတာကတော့ ဟာသတစ်ခုလိုပဲ” ဟု ကျောင်းသားသမဂ္ဂဝင်ဟောင်းတစ်ဦးက ဆိုသည်။
အထူးသဖြင့် မိန့်ခွန်းပါ ရေကိုသား၍ ကြားမထင် ဟူသည့် စကားလုံးမှာ စစ်တပ်နှင့် ပြည်သူကြား စည်းလုံးမှုကို ဆိုလိုခြင်းဖြစ်သော်လည်း၊ ပြည်သူအများစုကမူ စစ်တပ်သည် ပြည်သူ့ဘက်၌ မရှိတော့သည်မှာ ကြာပြီဖြစ်ကြောင်း ခံယူထားကြသည်။
စစ်ခေါင်းဆောင်၏ မိန့်ခွန်းသည် ပုံမှန်ထုတ်ပြန်နေကျ ဝါဒဖြန့်စာသားများသာ ဖြစ်သော်လည်း၊ ၎င်းကို နိုင်ငံတော်သမ္မတအဖြစ် သုံးနှုန်းဖော်ပြခြင်းသည် စစ်ကော်မရှင်၏ အာဏာကို အတင်းအဓမ္မ တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် အဆင့်သစ်တစ်ခု ဖြစ်လာသော်လည်း ပြည်တွင်းပြည်ပ အင်အားစုများကမူ ယင်းကို အသိအမှတ်ပြုခြင်းမရှိဘဲ ဆက်လက်ဆန့်ကျင်လျက်ရှိသည်။
အတုအယောင်သမ္မတ မင်းအောင်လှိုင်၏ နှစ်သစ်ကူးမိန့်ခွန်းသည် မြေပြင်က ခါးသီးသော လက်တွေ့ဘဝများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပြီး ပြည်သူများ လိုလားသည်မှာ မိန့်ခွန်းပါ လှပသော စကားလုံးများမဟုတ်ဘဲ၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေးသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။
ယခုနှစ် ၁၃၈၈ ခုနှစ် နှစ်သစ်သည် မင်းအောင်လှိုင်အတွက် သမ္မတ အမည်ခံကာ အာဏာတည်မြဲရေး ကြိုးပမ်းသည့် နှစ်ဖြစ်သော်လည်း၊ မြန်မာပြည်သူများအတွက်မူ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းမည့် တော်လှန်ရေးအရှိန်အဟုန် ပိုမိုမြင့်မားလာမည့် နှစ်တစ်နှစ်သာ ဖြစ်ပေလိမ့်မည် တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။
စာတည်း-ကိုဆန်း
